■ အိန္ဒိယနိုင်ငံတွင် ဆန္ဒပြပွဲများကို ပိုမိုအရှိန်မြင့်စေသည့် စာမေးပွဲ မသမာမှုများအတွက် အပြစ်ပေးသွားမည်ဟု မိုဒီ ကတိပြု

■ အိန္ဒိယနိုင်ငံတွင် ဆန္ဒပြပွဲများကို ပိုမိုအရှိန်မြင့်စေသည့် စာမေးပွဲ မသမာမှုများအတွက် အပြစ်ပေးသွားမည်ဟု မိုဒီ ကတိပြု
Published 23 July 2026

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ကျောင်းသားများ၏ ဒေါသကို ပိုမိုအရှိန်မြင့်စေသည့် စာမေးပွဲ မသမာမှုတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမည်ဟု ဇူလိုင် ၂၃ ရက်တွင် ကတိပြုပြောကြားခဲ့သည်။

ယင်းသည် ၎င်း၏ အစိုးရကို စိန်ခေါ်မှုဖြစ်စေသည့် အဓိက ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး မိုဒီ၏ ပထမဆုံး တိုက်ရိုက်မှတ်ချက်ပြုပြောကြားမှုဖြစ်သည်။

လူမှုကွန်ရက်တွင် ပိုးဟပ် ဂျန်တာပါတီ (Cockroach Janta Party - CJP) လှုပ်ရှားမှုဟု ဦးဆောင်သော ဆန္ဒပြသူ သောင်းချီသည် ဇူလိုင် ၂၂ ရက်တွင် နယူးဒေလီ၌ စုဝေးခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

"ကျွန်တော်တို့ လူငယ်တွေရဲ့ သာယာဝပြောရေးနဲ့ အနာဂတ်ထက် ပိုပြီး အရေးကြီးတာ ဘာမှမရှိပါဘူး" ဟု မိုဒီက လူမှုကွန်ရက် ပို့စ်တစ်ခုတွင် ရေးသားခဲ့ပြီး မေးခွန်းစာရွက် ပေါက်ကြားမှုတွင် ပါဝင်သူများကို အပြစ်ပေးရန်အတွက် မြန်ဆန်သည့်တရားရုံးလုပ်ငန်းစဉ်များဖြင့် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်ကို ထိခိုက်အောင် လုပ်ဆောင်ဖို့ ကြိုးစားသူတွေကို ခွင့်လွှတ် သက်ညှာပေးမှာ မဟုတ်ပါဘူး" ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

အများစုမှာ အသက်ငယ်ရွယ်သည့် ကျောင်းသားများဖြစ်ကြသော ဆန္ဒပြသူများသည် စာမေးပွဲ မေးခွန်း ပေါက်ကြားမှုများနှင့် ပတ်သက်၍ လွန်ခဲ့သည့်လမှစ၍ ပညာရေးဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

ဇူလိုင်လမှ စက်တင်ဘာလအတွင်း ပြုလုပ်လေ့ရှိသည့် မုတ်သုံရာသီကာလလွှတ်တော် အစည်းအဝေး ဖွင့်ပွဲနေ့တွင် လွှတ်တော်သို့ ချီတက်ရန် ကြိုးပမ်းခဲ့ကြသည့် ဆန္ဒပြသူ သောင်းပေါင်းများစွာကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ်ခြင်းနှင့် နံပါတ်တုတ်များဖြင့် ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်တွင် ဆန္ဒပြပွဲများ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။

တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ ဆန္ဒပြသူများက ခဲများဖြင့် ပစ်ပေါက် တုံ့ပြန်ခဲ့ကြရာ နယူးဒေလီတွင် ငါးနှစ်တာကာလအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်လာခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ အကြမ်းဖက်မှုအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အနည်းဆုံး လူ ၁၇၈ ဦး ဒဏ်ရာရရှိခဲ့သည်။

တရားသူကြီးချုပ် ဆူရာ ကန့် က တရားခွင် ကြားနာမှုတစ်ခုအတွင်း လူငယ်များကို "ပိုးဟပ်များ" နှင့် "ကပ်ပါးကောင်များ" ဟု တင်စားပြောဆိုခဲ့သည်ဆိုသော သတင်းများအပေါ် သရော်သည့် တုံ့ပြန်မှုအဖြစ် လူမှုကွန်ရက်ပေါ်တွင် ဖော်လိုဝါ သန်းပေါင်းများစွာ ရှိသည့် CJP သည် မေလတွင် စတင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ ယင်းလှုပ်ရှားမှုသည် အလုပ်လက်မဲ့ ပြဿနာ၊ လူငယ်များအတွက် အခွင့်အလမ်းများနှင့် မိုဒီ၏ ပိုမို အာဏာရှင်ဆန်လာသော အုပ်ချုပ်မှုပုံစံဟု ၎င်းတို့ ဖော်ပြသည့် အချက်များအပေါ် စိုးရိမ်မှုများကိုပါ ပါဝင်လာအောင် လုပ်ငန်းစဉ်အား ပိုမိုကျယ်ပြန့်စေခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများသည် ၂၀၂၄ ခုနှစ်တွင် တတိယအကြိမ်မြောက် သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံရပြီးနောက်ပိုင်း ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုများအနက် တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။

ဆက်တိုက် ဖြစ်ပေါ်ခဲ့သော စာမေးပွဲ မမှန်မကန်မှုများသည် အိန္ဒိယ၏ စာမေးပွဲစနစ်အပေါ် ယုံကြည်မှုကို လျော့ပါးစေခဲ့ရာ ထိုအထဲတွင် စာမေးပွဲဖြေဆိုသူ ၂ သန်းကျော်အား စာမေးပွဲ ပြန်လည်ဖြေဆိုရန် ဖိအားပေးခံခဲ့ရသည့် ဆေးတက္ကသိုလ် ဝင်ခွင့် မေးခွန်း ပေါက်ကြားမှုလည်း ပါဝင်သည်။

အထက်တန်းကျောင်းသားနှစ်သန်းနီးပါး ဖြေဆိုခဲ့သော စာမေးပွဲများကို အွန်လိုင်းမှ အမှတ်ပေးခြင်းနှင့် ပတ်သက်သည့် အခြားသော အငြင်းပွားမှုတစ်ခုကလည်း အများပြည်သူ၏ ဒေါသကို ပိုမို မီးထိုးပေးခဲ့သည်။

Most Read

Most Recent