နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ဇူလိုင် ၁၅ ရက်တွင် ကျင်းပမည်ဖြစ်၍ တက်ရောက်လိုသူများ ဇူလိုင် ၁၄ ရက် နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ဇူလိုင် ပထမပတ်အတွင်း ကျယ်ပြန့်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့် ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသားကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက် ဆွေးနွေးအကြံပြုကြပါရန် ဇွန် ၁ ရက်မှစတင်၍ နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံအစီအစဉ်များမှတစ်ဆင့် အသိပေးဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
ယခုအခါ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Horizon Lake View Resort တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဇူလိုင် ၁၀ ရက်အထိ တက်ရောက်လိုကြောင်း စာရင်းပေးသွင်းလာသူ ဦးရေ ၃၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စာရင်းပေးသွင်းထားခြင်းမရှိသေးသည့် တက်ရောက်လိုသူ များအနေနှင့် ဖော်ပြပါ QR Code အား Scan ဖတ်၍ စာရင်းပေးသွင်းနိုင်ပါကြောင်း၊ QR Code ဖြင့် စာရင်းပေးသွင်းရန် အခက်အခဲရှိပါက ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် စာရင်းပေးသွင်းခြင်းအား ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထားဆောင်ရွက်၍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်ပါရန် ထပ်မံအသိပေးဖိတ်ခေါ်အပ်ကြောင်း (ယခင် Google Form ဖြင့် စာရင်းပေးသွင်းပြီးသူများ ထပ်မံပြုလုပ်ရန် မလိုအပ်ပါ) သိရသည်။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသန့်ထွန်း (၀၉ ၄၃၀၁၆၆၉၀ ၊ ၀၆၇ ၃၄၁၀၄၇၁) ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။















