The Piano နှင့် Jurassic Park ကဲ့သို့သော အော်စကာဆုရ ရုပ်ရှင်များနှင့် ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီး များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နယ်ပယ်စုံတွင် ထူးချွန်ပြောင်မြောက်သည့် နယူးဇီလန် သရုပ်ဆောင် မင်းသားကြီး ဆမ်နီးလ်သည် အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
မင်းသားကြီး ကွယ်လွန်သွားကြောင်းကို ဇူလိုင် ၁၃ ရက်တွင် ၎င်း၏ Instagram အကောင့်မှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခုဖြင့် ကြေညာခဲ့သည်။
ကွယ်လွန်ရသည့် အကြောင်းရင်းကို ဖော်ပြထားခြင်း မရှိသော်လည်း ဆမ်နီးလ်သည် ၂၀၂၂ ခုနှစ်တွင် သွေးကင်ဆာအမျိုးအစားတစ်ခုဖြစ်သည့် အဆင့် (၃) angioimmunoblastic T-cell lymphoma ကင်ဆာရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ၎င်းတွင် ကင်ဆာဆဲလ်များ မရှိတော့ဘဲ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း မကြာသေးမီကမှ ထုတ်ဖော်ပြောကြားထားခဲ့ဖူးသည်။
"ဆမ်နီးလ်ရဲ့ မိသားစုဝင်တွေအနေနဲ့ သူဟာ ဇူလိုင်လ ၁၃ ရက် တနင်္လာနေ့က ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အလွန်အမင်း ဝမ်းနည်းကြေကွဲစွာနဲ့ အသိပေးအပ်ပါတယ်။ ဆမ်ဟာ မိသားစုဝင်တွေ ဝန်းရံလျက်နဲ့ပဲ သူ့ရဲ့တစ်သက်တာလုံး ထိန်းသိမ်းခဲ့တဲ့ ဂုဏ်သိက္ခာရှိမှုတွေနဲ့အတူ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။အခုလို ဆုံးရှုံးလိုက်ရတာဟာ ရုတ်တရက်ဖြစ်ပြီး မျှော်လင့်မထားခဲ့ပေမဲ့ ဆမ်ဟာ ကင်ဆာရောဂါ ကင်းစင်လျက်နဲ့ ကွယ်လွန်သွားခဲ့ရတာကတော့ ကံကောင်းခြင်းတစ်ခုပါပဲ။ စိန့်ဗင်းဆင့် ပုဂ္ဂလိကဆေးရုံက ဝန်ထမ်းတွေရဲ့ ထူးခြားလှတဲ့ ပြုစုစောင့်ရှောက်မှုတွေအတွက်လည်း မိသားစုဝင်တွေက အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်"ဟု ဆမ်၏မိသားစုက ထုတ်ပြန်ခဲ့သည်။
"အသေးစိတ်အချက်အလက်တွေကိုတော့ နောက်မှ ထပ်မံမျှဝေသွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီးကို ဖြတ်သန်းနေရတဲ့ မိသားစုကိုယ်စား သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို လေးစားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်" ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်ကလည်း ၎င်း၏ X အကောင့်တွင် မင်းသားကြီးအတွက် ဝမ်းနည်းကြောင်း အမှတ်တရစကား ရေးသားခဲ့သည်။
"ဆမ်နီးလ်ဟာ အများကနှစ်သက်ကြတဲ့ ဩစတြေးလျ ဇာတ်လမ်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဩစတြေးလျပြည်သူတွေရဲ့ နှလုံးသားထဲမှာ ထူးခြားတဲ့ နေရာတစ်ခုကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဟာသဉာဏ်ရှိပြီး တည်ငြိမ်အေးဆေးကာ၊ တွေးခေါ်မြော်မြင်တတ်ပြီး စကားနည်းတဲ့ ဆမ်ဟာ သူ့ရဲ့ သရုပ်ဆောင်ချက်တိုင်းကို အားမာန်ဖြစ်စေခဲ့တဲ့ ဂုဏ်သိက္ခာ၊ ဟာသဉာဏ်နဲ့ ခိုင်မာတဲ့ယုံကြည်ချက် တွေအတိုင်းပဲ ရောဂါဝေဒနာကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်သွားခဲ့ပါတယ်။ သူ့အတွက် လူအများအပြားက ဝမ်းနည်းပူဆွေးကြမှာဖြစ်သလို၊ သူ့ကိုလည်း ရေရှည်အမှတ်ရနေကြမှာပါ။ ကောင်းရာသုဂတိလားပါစေ"ဟု ရေးသားခဲ့သည်။
Ref:Guardian , Photo:AFP















