ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဘားတစ်ခုတွင် ကြီးမားသော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီသော လူများ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များနှင့် မျက်မြင်သက်သေများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်နှစ်ခုနီးပါးကာလအတွင်း သေဆုံးမှုအများဆုံး မီးလောင်မှုဖြစ်သည်။
အေအက်ဖ်ပီသတင်းဌာနက အတည်ပြုထားသည့် ဗီဒီယိုမှတ်တမ်းအရ ဇူလိုင် ၁၂ ရက် ညနေပိုင်းက ဘန်ကောက်မြို့တော်ဆင်ခြေဖုံးရှိ အဆိုပါဖျော်ဖြေရေးနေရာ၏ အဝင်ဝမှ မီးတောက်များ ပန်းထွက်လာစဉ် လူအများအပြားသည် ၎င်းတို့၏အဝတ်အစားများ မီးလောင်ကျွမ်းလျက် သို့မဟုတ် မီးစွဲလျက် အော်ဟစ်ကာ ပြေးထွက်လာခဲ့ကြသည်။
အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ဇူလိုင် ၁၃ ရက် နံနက်အစောပိုင်းတွင် Rong Beer Na Lat Phraoဘားနှင့် စားသောက်ဆိုင်အပြင်ဘက် မြေပြင်ပေါ်၌ ရုပ်အလောင်းထည့်သည့် အိတ်အများအပြားကို တွေ့မြင်ခဲ့ရသည်။ နာရီအနည်းငယ်အကြာတွင်မှု မှုခင်းရဲတပ်ဖွဲ့သည် ပျက်စီးဆုံးရှုံးသွားသော အဆိုပါနေရာ အတွင်းသို့ ဝင်ရောက်ကာ အသေးစိတ်ရှာဖွေ စစ်ဆေးခဲ့ကြသည်။
"မီးက အရမ်းမြန်မြန်ပြန့်သွားပြီး မျက်နှာကြက်အထိ ရောက်သွားတာပါ။ မီးခိုးမွှန်တာက သေဆုံးရတဲ့ အဓိက အကြောင်းအရင်း ဖြစ်နိုင်ပါတယ်" ဟု ဘန်ကောက်မြို့တော်ဝန် ချက်ချတ် စိတ္တီဖန်းက အခင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။
လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း ယင်းတို့အနက် ၂၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ယခုဖြစ်ရပ်သည် ၂၀၀၉ ခုနှစ် နှစ်သစ်ကူးပွဲတော်ကျင်းပစဉ်အတွင်း ဘန်ကောက်မြို့ရှိ ဆန်တီကာကလပ်တွင် လူ ၆၇ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည့် မီးလောင်မှုနောက်ပိုင်း ထိုင်းနိုင်ငံ၌ သေဆုံးမှုအများဆုံး မီးလောင်မှုဖြစ်သည်။
သေဆုံးသူအချို့၏ ရုပ်အလောင်းများကို အရေးပေါ်ထွက်ပေါက်တစ်ခုအနီးတွင် တွေ့ရှိခဲ့ရပြီး အဆိုပါ ထွက်ပေါက်မှာ ပိတ်ဆို့နေခဲ့ခြင်း ဖြစ်နိုင်ကြောင်း အာဏာပိုင်များက ယူဆထားသည်ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။
Ref:AFP , Photo:AFP















