Written By - သိမ့်သိမ့်ဝင်း (B.Pharm)
( ၁ )
“B.Pharm” ဆိုတဲ့ ဘွဲ့နောက်ဆက်တွဲ စာလုံးလေးကို အမည်နောက်မှာ ကပ်ခွင့်ရခဲ့တဲ့နေ့က ကျွန်မရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ပြည့်နှက်နေခဲ့တာ ယနေ့တိုင်အမှတ်ရနေဆဲပါ။ ဆေးဝါးဗေဒ ပညာရပ်တွေကို နှစ်ပေါင်းများစွာ စာတွေကျက်မှတ်ခဲ့ရပြီးနောက် ဆေးဘက်ဆိုင်ရာ ကုတ်အကျႌ (White Coat) ကို ဝတ်ဆင်ပြီး ဆေးဆိုင်ကောင်တာနောက်မှာ စတင်ရပ်တည်ခဲ့တဲ့နေ့က ကမ္ဘာကြီးကိုတောင် ကယ်တင်နိုင် တော့မလိုလို။ သို့သော် လက်တွေ့လောကဆိုတာ စာမေးပွဲခန်းထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်ပြီး စိန်ခေါ်မှုတွေ များပြားလှမှန်း သိလာရဖို့ သိပ်မကြာလိုက်ပါဘူး။
ဆေးဝါးပညာရှင် (Pharmacist) တစ်ယောက်အနေနဲ့ အလုပ်သင်သက်တမ်းကနေ လက်တွေ့လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ ပထမဆုံးရင်ဆိုင်ရတဲ့ စမ်းသပ်ချက်ကတော့ ဘာသာစကားအတတ်ပညာပဲ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်တွေ၊ ဆေးရုံတွေက ထွက်လာတဲ့ ဆေးညွှန်း (Prescription)တွေဟာ ကျွန်မတို့အတွက်တော့ နေ့စဉ်ဖြေရှင်းရတဲ့ ဉာဏ်စမ်းပဟေဠိတွေပေါ့။ ဆရာဝန်ကြီးအချို့ရဲ့ လက်ရေးတွေဟာ မျဉ်းကွေးလေး တစ်ကြောင်း ဖြစ်ချင်ဖြစ်မယ်။ အောက်ကိုဆွဲချလိုက်တဲ့ အမြီးလေးတစ်ခုကိုကြည့်ပြီး ဒါဟာ အကိုက်အခဲ ပျောက်ဆေးလား၊ သွေးတိုးကျဆေးလား ဒါမှမဟုတ် ပဋိဇီဝဆေးလားဆိုတာကို မျက်မှောင်ကြုတ်ပြီး ခန့်မှန်းရပါတယ်။
ကျောင်းမှာသင်ခဲ့ရတုန်းကတော့ ဆေးညွှန်းတစ်ခုမှာ ဆေးအမည်၊ သောက်သုံးရမယ့် အကြိမ်ရေ၊ ဆေးပမာဏ (Dosage) အတိအကျပါရမယ်လို့ အရိုးစွဲအောင် သင်ခဲ့ရတာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ လူနာတွေယူလာ တဲ့ ဆေးညွှန်းအချို့ဟာ ဖတ်ရခက်ရုံတင်မကဘဲ အမှားအယွင်းတွေပါ ပါလာတတ်ပါတယ်။ ဥပမာ ဆေးညွှန်း ထဲမှာ ရေးထားတဲ့ ဆေးပမာဏက သတ်မှတ်ချက်ထက် လွန်ကဲနေတာမျိုး၊ ဒါမှမဟုတ် လူနာမှာရှိနေတဲ့ တခြားရောဂါအခံနဲ့ မတည့်တဲ့ ဆေးမျိုးပါလာတတ်တာမျိုးပါ။ ဒီလိုအချိန်မျိုးမှာ Pharmacist တစ် ယောက်ရဲ့အခန်းကဏ္ဍက အသက်တစ်မျှ အရေးကြီးလာပါတယ်။
လူနာကတော့ ဆေးအမြန်ရချင်လို့ ကောင်တာမှာ ခြေတုန်လက်တုန်စောင့်နေတတ်ပေမဲ့ ကျွန်မတို့ကတော့ မသေချာတဲ့ ဆေးညွှန်းတစ်ခုအတွက် အမှားမခံနိုင်ပါဘူး။ “ခဏလေး စောင့်ပေးပါနော်” လို့ လူနာကို တောင်းပန်ပြီး ဆေးညွှန်းရှင် ဆရာဝန်ဆီ ဖုန်းဆက်ကာ “ဆရာ ဒီလူနာအတွက် ရေးထားတဲ့ ဆေးပမာဏက ဒီလောက် ဖြစ်နေလို့ပါ၊ ပြန်စစ်ပေးပါဦးရှင်” လို့ လိမ္မာပါးနပ်စွာ ညှိနှိုင်းရပါတယ်။ ဆရာဝန်က အလုပ်ရှုပ်နေလို့ မှားရေးမိတာကိုလက်ခံပြီး ကျေးဇူးတင်စကားဆိုကာ ဆေးညွှန်းပြင်ပေးလိုက်တဲ့အခါမှပဲ ရင်ထဲကအလုံးကြီး ကျသွားရပါတယ်။ ကောင်တာနောက်က အရောင်းစာရေးလေးတွေက ဆေးဘူးကို အလွယ်တကူ ထုတ်ပေးနိုင်ပေမဲ့ အဲဒီဆေးညွှန်းနောက်ကွယ်က အန္တရာယ်တွေကို စစ်ထုတ်ပေးဖို့ကတော့ B.Pharm ဘွဲ့ရ ဆေးဝါးပညာရှင်တွေရဲ့တာဝန်ပဲ ဖြစ်ပါတယ်။
( ၂ )
ဆေးညွှန်းလက်ရေးတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီးတဲ့နောက် ဒုတိယမြောက် ကြုံရတဲ့စမ်းသပ်ချက်ကတော့ ဆေးဆိုင်ကို ပြေးလာကြတဲ့လူနာတွေရဲ့ အခေါ်အဝေါ်အလွဲတွေနဲ့ ဆန်းပြားတဲ့ တောင်းဆိုမှုတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ဆေးဝါးဗေဒဗဟုသုတ နည်းပါးကြသေးတာမို့ ဆေး အမည်တွေကို ကိုယ်ကြားဖူးသလို စိတ်ကူးထဲရှိသလို ခေါ်ဝေါ်ပြီး လာဝယ်တတ်ကြတာ နေ့စဉ်အလုပ်တစ်ခုလို ဖြစ်နေပါပြီ။
“သမီး။ မမကြီးကို “ပါရာဇီတာ”တစ်ကတ် လောက်ပေးပါဦး”လို့လာဝယ်ရင်Pharacetamol (ပါရာစီတမော) မှန်း ချက်ချင်းသိနိုင်လို့ တော်သေးတာပေါ့။ တစ်ခါတလေကျရင် “ညည်းတို့ဆိုင်မှာ အသည်းပုံ ဆေးလုံးလေး ရှိလား” တို့၊ “ဟိုတစ်ခါက ဝယ်သွားတဲ့ အဝါရောင်ဆေးတောင့်လေးပေးပါ” တို့ ဆိုပြီး လာမေးတဲ့အခါ ကျွန်မတို့ Pharmacist တွေမှာ စုံထောက်ကြီး ရှာလော့ဟုမ်းသဏ္ဌာန် ဖမ်းရပါတော့တယ်။ ဆေးဝါးလောကမှာ အရောင် တူ၊ ပုံစံတူပေမဲ့ အာနိသင်ကောင်းကင်နဲ့ မြေကြီးလိုကွာခြားတဲ့ဆေးတွေ အများကြီးရှိတာမို့ ရောဂါလက္ခဏာကို သေချာပြန်မေး၊ အရင်ကသောက်ဖူးတဲ့ ဆေးဘူးခွံကိုပြခိုင်းပြီး စိတ်ရှည်လက်ရှည် လိုက်လံစိစစ်ပေးရပါတယ်။
အဆန်းဆုံးကတော့ “အကြောဆေး” နဲ့ “အားဆေး” အပေါ်ထားရှိတဲ့ လူထုရဲ့အယူအဆအမှားတွေပါပဲ။ “သမီး။ အမေက သွေးတိုးရှိတယ်။ ဇက်ကြောတွေတက်နေလို့ အကြောဆေးလေးတစ်လုံးလောက် ထိုးပေးပါလား” ဆိုပြီး ဆိုင်ထဲဝင်လာတတ်ကြပါတယ်။ သူတို့ခေါ်တဲ့ အကြောဆေးဆိုတာက ဗီတာမင် ဘီကွန်ပလက်စ် (Vitamin B Complex ) ဆေးကို ဆိုလိုတာပါ။ ဒါပေမဲ့ သွေးတိုးနေတဲ့အချိန်မှာ မလိုအပ်ဘဲ အကြောဆေး သွင်းတာ၊ ဒါမှမဟုတ် စပ်ဆေးတွေ အလွယ်တကူ ဝယ်သောက်တာဟာ ဘယ်လောက် အန္တရာယ်များကြောင်း၊ သွေးတိုးကျဆေးကိုပဲ စနစ်တကျ သောက်ရမှာဖြစ်ကြောင်း ရှင်းပြတဲ့အခါ အချို့က နားလည်ကြပေမဲ့ အချို့ကတော့ “ဆေးဆိုင်က ဆေးကို ရောင်းမစားချင်ဘူး။ ဆရာကြီး လုပ်နေတယ်”ဆိုပြီး မျက်စောင်းထိုး ဆောင့်အောင့် ထွက်သွားကြတာမျိုးလည်း ကြုံရပါတယ်။
နောက်ပြီး “စပ်ဆေး” ဆိုတဲ့ အရာကလည်း ကျွန်မတို့ Pharmacist တွေအတွက် အဓိက ရန်သူတော်ကြီးပေါ့။ လူနာအများစုက ဆေးတစ်လုံးချင်းစီရဲ့ အာနိသင်ကိုမသိဘဲ တစ်ခါသောက်ရင် သက်သာရောဆိုတဲ့ စိတ်နဲ့ ဆေးမျိုးစုံ ရောစပ်ထားတဲ့ စပ်ဆေးတွေကို အလွယ်တကူ အားကိုးတတ်ကြပါတယ်။ အဲဒီစပ်ဆေးတွေထဲမှာ စတီးရွိုက် (Steroid) ဆေးဝါးတွေ အလွန်အကျွံ ပါဝင်နေတတ်ပြီး ရေရှည်မှာ ကျောက်ကပ်ပျက်စီးတာ၊ အစာအိမ်ပေါက်တာတွေ ဖြစ်နိုင်မှန်း သိပ္ပံနည်းကျသင်ယူခဲ့ရတဲ့ ကျွန်မတို့ကတော့ ရင်တမမ ဖြစ်ရပါတယ်။ လူနာတွေကို စေတနာရှေ့ထားပြီး “စပ်ဆေးတွေ မသောက်ပါနဲ့ အန်တီရယ်။ ဘေးထွက်ဆိုး ကျိုးများပါတယ်” လို့ ပြောလိုက်တိုင်း “ငါကတော့ သောက်နေကျပဲ။ ဘာမှမဖြစ်ပါဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်မတို့ရဲ့B.Pharm ဘွဲ့ကြီးဟာ ကောင်တာအောက်ကို ခေတ္တလျှောကျ သွားရပြန်ပါတယ်။ ဒီလို အယူ အဆဟောင်းတွေ၊ အလေ့အထအမှားတွေ ကြားထဲကနေ လူနာတွေ ဘေးအန္တရာယ်ကင်းဖို့ စိတ်ရှည်လက်ရှည် ပညာပေးရတာဟာ Pharmacist တစ်ယောက်ရဲ့ နေ့စဉ် ရုန်းကန်ရတဲ့ နိစ္စဓူဝအလုပ်တစ်ခုပဲဖြစ်ပါတယ်။
( ၃ )
စာအုပ်ထဲက သီအိုရီတွေထက် ပိုမိုကြောက်မက်ဖွယ်ကောင်းတဲ့ လက်တွေ့မြေပြင်ပြဿနာကြီးတစ်ခုကတော့ ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်နေရတဲ့ “ပဋိဇီဝဆေးယဉ်ပါးမှု (Antibiotic Resistance) ” ဆိုတဲ့ တိတ်ဆိတ်တဲ့ လူသတ်သမားကြီးအကြောင်းပါပဲ။ ကျွန်မတို့ မြန်မာနိုင်ငံမှာက ချောင်းဆိုး၊ နှာစေး၊ ဖျားနာတာဖြစ်ဖြစ်၊ ဗိုက်နာဝမ်းလျှောတာဖြစ်ဖြစ် ပဋိဇီဝဆေး (Anibiotic ) တွေကို အမိုဆီ (Amoxicillin)၊ ဆက်ဖာ (Cephalexin) ဆိုပြီး မုန့်ဝယ်စားသလို အလွယ်တကူ ဝယ်ယူသောက် သုံးနေကြတဲ့ အလေ့အထက တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်။
တစ်နေ့မှာတော့ လူနာတစ်ယောက်ဆိုင်ကို ရောက်လာပြီး “သမီး-ဦီးလေးကို ဟိုတစ်ခါကပေးတဲ့ ချောင်းဆိုးပျောက်ဆေး အပြင်းစားလေး သုံးလုံးလောက် ထပ်ပေးဦး” လို့ လာပြောပါတယ်။ ကြည့်လိုက်တော့ ဆရာဝန် ညွှန်းထားတဲ့ Azithromycin ဆိုတဲ့ ပဋိဇီဝဆေးအမျိုးအစား ဖြစ်နေပါတယ်။ “ဦးလေး - ဒီဆေးက အအေးမိချောင်းဆိုးတာအတွက် သောက်ရတဲ့ဆေး မဟုတ်ဘူးရှင့်။ ပိုးသတ်ဆေးဖြစ်တဲ့အတွက် သောက်ရင်လည်း ဆရာဝန်ညွှန်းတဲ့အတိုင်း သုံးရက်စာကုန်အောင် သောက်ရမှာပါ။ အခုလို သုံးလုံးတည်း အ လွယ်ဝယ်သောက်ရင် နောက်ပိုင်း ဆေးမတိုးဘဲ နေလိမ့်မယ်” လို့ စေတနာရှေ့ထားပြီး သေချာရှင်းပြမိပါ တယ်။ ဒါပေမဲ့ ဦးလေးကြီးက မျက်မှောင်ကြုတ်ပြီး “ညည်းတို့ ဆေးသမားတွေကလည်း အလုပ်ရှုပ်လိုက်တာ။ ငါက ဟိုတစ်ခါက နှစ်လုံးသောက်တာနဲ့ ပျောက်သွားလို့ ကျန်တာမသောက်ဘဲ သိမ်းထားတာ။ အခု ပြန်ဖြစ်လို့ လာဝယ်တာကို ဆေးကုန်အောင်ဝယ်ခိုင်းပြီး ပိုက်ဆံပိုလိုချင်လို့ မဟုတ်လား” ဆိုပြီး စေတနာကို ဝေဖန်မှုနဲ့ တုံ့ပြန်ကာ ဆိုင်ပြင်ကို ဒေါသတကြီး ထွက်သွားပါတယ်။
အဲဒီလို ဖြစ်ရပ်မျိုး ကြုံရတိုင်း ရင်ထဲမှာ မကောင်းတဲ့အပြင် ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ လူနာတွေဟာ ဆေးပတ်လည်အောင် မသောက်ဘဲ နေကောင်းတာနဲ့ ဆေး ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက ပိုးမွှားတွေက သေချာမသေဘဲ အဲဒီဆေးကို ခံနိုင်ရည်ရှိအောင် ဗီဇပြောင်းလဲ သွားကြပါတယ်။ နောက်တစ်ခါ အဲဒီရောဂါပြန်ဖြစ်လို့ ဆေးထပ်သောက်တဲ့အခါ ဆေးက လုံးဝအာနိသင်မပြတော့ပါဘူး။ အဲဒီအခါကျမှ ပိုပြီးပြင်းထန်တဲ့၊ ပိုပြီးစျေးကြီးတဲ့ နောက်ဆုံးပေါ် ပဋိဇီဝဆေး တွေကို သုံးရပါတော့တယ်။ ဒီလိုနဲ့ ဆေးတွေ တစ်ဆင့်ပြီးတစ်ဆင့် ယဉ်ပါးလာရင် နောက်ဆုံးမှာ သာမန်ပိုးဝင် တာလေးတစ်ခုနဲ့တင် ကုစရာဆေးမရှိဘဲ အသက်ဆုံးရှုံးရမယ့် အန္တရာယ်က လက်တစ်ကမ်းမှာရှိနေတာကို လူနာတွေ မသိကြရှာပါဘူး။
ဆေးဆိုင်တစ်ခုရဲ့ ကောင်တာနောက်ကွယ်မှာ ကျွန်မတို့ ရောင်းချပေးနေရတာဟာ ကုန်ပစ္စည်းတွေမဟုတ်ဘဲ လူနာတွေရဲ့ ကျန်းမာရေးနဲ့ အသက်အာမခံချက်တွေ ဖြစ်ပါတယ်။ လူနာတွေရဲ့ အနာဂတ်မှာ ဆေးယဉ်ပါးမှု ဘေးဒဏ်ကနေ ကင်းဝေးစေချင်တဲ့ မိမိတို့ရဲ့ Professional စိတ်ဓာတ်နဲ့ စေတနာကို နားမလည်ကြတဲ့အခါမှာ တော့ တစ်ခါတစ်ရံ စိတ်ဓာတ်ကျမိတာ အမှန်ပါပဲ။ သို့သော်လည်း စိတ်ဓာတ်ကျနေလို့မဖြစ်မှန်း သိတာကြောင့် နောက်ထပ်ရောက်လာမယ့် လူနာတွေကိုလည်း ဒီလိုပဲ စိတ်ရှည်လက်ရှည်နဲ့ ပညာပေးစကားတွေ ထပ်ခါထပ်ခါ ပြောနေမိဦးမှာပဲ ဖြစ်ပါတယ်။
( ၄ )
စိန်ခေါ်မှုတွေ၊ အလွဲတွေနဲ့ နားလည်မှုလွဲ မှားခြင်းတွေ ပြည့်နှက်နေတဲ့ နေ့ရက်တွေကို ဖြတ်သန်းရပေမဲ့ ဒီအလုပ်ကိုစွန့်လွှတ်ဖို့ စိတ်မကူးမိတာကတော့ အချိန်အခါမဟုတ်ဘဲ ရောက်ရှိလာတတ်တဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဆေးဝါးပညာရှင်တစ်ယောက်ရဲ့ဘဝမှာ စိတ်ဓာတ်ကျစရာ နေ့ရက်တွေရှိသလို ကိုယ့်ရဲ့စေတနာကြောင့် လူနာတစ်ယောက်ရဲ့ အသက်ဘေးကနေ ကင်းဝေးသွားရတဲ့ ပီတိဖြစ်စရာ နေ့ရက်တွေကလည်း ဒွန်တွဲလို့ နေပါတယ်။
အမှတ်ရစရာ ဖြစ်ရပ်တစ်ခုကတော့ အသက် ၇၀ ကျော် အဘွားအိုတစ်ယောက် ဆိုင်ကိုရောက်လာပြီး ရင်ကျပ်သက်သာစေမယ့် Inhaler (ရှူဆေးဘူး) တစ်ဘူးလာဝယ်တာပဲ ဖြစ်ပါတယ်။ အဘွားက ရှူဆေးဘူးကို အဖုံးဖွင့်ပြီး ပါးစပ်ထဲ အလွယ်တကူ ထည့်ရှူဖို့ လုပ်နေတာမို့ ကျွန်မလှမ်းတားလိုက်ရပါတယ်။ “အဘွား-ခဏလေးရှင်။ ဒီဆေးကို ဘယ်လိုရှူလဲဆိုတာ သမီးကို တစ်ချက်ပြပေးပါဦး” လို့ မေးပြီး စမ်းခိုင်းကြည့်တဲ့အခါ အဘွားက ဆေးဘူးကို မလှုပ်ဘဲ အသက်ကိုလည်းအပြင် ရှူထုတ်မထားဘဲ ဒီအတိုင်း ဝင်သက်နဲ့အတူ နှိပ်ရုံတင် နှိပ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆေးဝါးတွေက အဆုတ်ထဲမရောက်ဘဲ လည်ချောင်းမှာတင် တင်ကျန်နေပြီး ရောဂါ မသက်သာတာ ဖြစ်ပါတယ်။ ကျွန်မလည်း စိတ်ရှည်လက်ရှည်နဲ့ “အဘွား-ဆေးမရှူခင် အရင်ဆုံး ဘူးကိုသေချာလှုပ်ရမယ်။ ပြီးရင် အသက်ကို အပြင်ကို ကုန်အောင် မှုတ်ထုတ်လိုက်ပါ။ အဲဒီနောက်မှ ဆေးဘူးကို ပါးစပ်နဲ့ ငုံပြီး ဆေးကို နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အသက်ကို ပြင်းပြင်းရှူသွင်းရမှာပါရှင်”ဆိုပြီး အဆင့်ဆင့် သရုပ်ပြပြီး သွန်သင်ပေးခဲ့ပါတယ်။ တစ်ပတ်လောက်ကြာတော့ အဘွားက ဆိုင်ကို ပြန်လာပြီး “သမီးလေး သင်ပေးတဲ့အတိုင်း ရှူလိုက်တာ အခုဆိုရင်မကျပ်တော့ဘူး၊ အသက်ရှူလို့ သိပ်ကောင်းသွားပြီ။ သမီးလေးကို အများကြီး ကျေးဇူးတင်တယ်” လို့ ပြုံးပြုံးလေး ပြောသွားတဲ့အခါ ခန္ဓာကိုယ်ထဲက မောပန်း သမျှတွေဟာ ချက်ချင်းအရည်ပျော်ကျ ပျောက်ကွယ်သွားရပါတော့တယ်။
လူအများစုက ကျွန်မတို့ကို “ဆေးရောင်းသူ” သက်သက်လို့ မြင်ကောင်းမြင်နိုင်ပေမဲ့ တကယ်တော့ ကျွန်မတို့ဟာ ဆရာဝန်နဲ့ လူနာကြား၊ ဆေးဝါးနဲ့ ဘေးအန္တရာယ်ကြားမှာ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးနေသူများ ဖြစ်ကြပါတယ်။ စာအုပ်ကြီးတွေထဲက Chemical Formula တွေကို ကျက်မှတ်ခဲ့ရတဲ့ ဦးနှောက်ဟာ လက်တွေ့မှာတော့ လူနာတွေ အပေါ်ထားရှိတဲ့ စာနာစိတ်၊ စေတနာတွေနဲ့ ပေါင်းစပ်ပြီး အသက်ကယ်ကိရိယာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မိမိတို့ သောက်သုံးမယ့် ဆေးဝါးတွေနဲ့ပတ်သက်ပြီး သံသယရှိရင်ဖြစ်စေ၊ ဗဟုသုတလိုချင်ရင်ဖြစ်စေ ဆေးဆိုင်တွေမှာ ရှိနေတဲ့ B.Pharm ဘွဲ့ရ ဆေးဝါးပညာရှင်တွေကို အားမနာတမ်း လာရောက်တိုင်ပင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။













