အမှတ်တရ မဟာချိုင်စျေးကြီး

အမှတ်တရ မဟာချိုင်စျေးကြီး
Published 1 July 2026

Written by- သမိုင်း (တံတားဦး)

(၁)

တနင်္ဂနွေနေ့အလုပ်ပိတ်ရက်ဆိုလျှင် စျေးသည်တစ်ဦးအနေနှင့်မဟုတ်ဘဲ စျေးဝယ်သူတစ်ဦးအနေဖြင့် မဟာချိုင်စျေးကြီးသို့ ‌စျေးသွားရပြန်သည်။ ယခင်တုန်းကဆိုလျှင် (မြန်မာနိုင်ငံတုန်းကဆိုလျှင်) တနင်္ဂနွေနေ့ တိုင်း လူစည်ကားမည့်စျေးများကို တွက်ချက်ပြီး စျေးရောင်းနေကြဖြစ်သည်။ ယခုတော့ တနင်္ဂနွေနေ့ ဖြစ်သော်လည်း မိမိက စျေးရောင်းသူမဟုတ်။ စျေးဝယ်သူဖြစ်သည်။

မိမိကဲ့သို့ တွက်ချက်ပြီး တနင်္ဂနွေနေ့ လူစည်မှာပဲဆိုသည့် စျေးသည်တိုင်းကလည်း ယခုဆိုလျှင် မဟာချိုင်စျေးကြီးမှာ ရောင်းနေကြရော့မည်။ စိတ်ထဲ မြန်မာနိုင်ငံတုန်းက လုပ်ခဲ့ဖူးသည့် စျေးသည်ဘဝကိုလွမ်းလျက် မဟာချိုင်စျေးကြီးသို့ သွားလိုက်သည်။

ဝပ်တုစ် ဘုန်းကြီးကျောင်း‌စက်လှေဆိပ်ကနေ တစ်ဖက်ကမ်းမကူးခင် ချောင်းထဲရှိ ဗေဒါပင်ကလေးများကိုငေး၍ လူသည် အလွမ်းသမားယောင်ယောင် ဘာယောင်ယောင်။

(၂)

မြန်မာအလုပ်သမား အများစုနေထိုင်သောကြောင့် မဟာချိုင်ကို ဒုတိယမြန်မာပြည်ဟု တင်စားကြသည်။ ထိုင်းနိုင်ငံ၏ အဓိက ပင်လယ်စာစက်ရုံကြီးများတည်ရှိရာ မဟာချိုင်တွင် အလုပ်သမားအများစုသည် မြန်မာ များသာဖြစ်၏။ အများစုသည် မကွေးနှင့် စစ်ကိုင်းတိုင်းက မြန်မာများ အလုပ်လုပ်သော နေရာဖြစ်၏။ ကျွန်တော်အလုပ်လုပ်သော စက်ရုံဆိုလျှင် စက်ရုံတစ်ခုလုံးရှိ အလုပ်သမားတို့သည် မကွေးဘက်ချည်းဖြစ်၏။ ထို့ကြောင့်လည်း ကျွန်တော်တို့စက်ရုံကို ဒုတိယ မကွေးမြို့တော်ဟုထပ်၍ တင်စားကြပြန်သည်။ ထားတော့။

အမှတ်တရ မဟာချိုင်ဆိုသော်လည်း မဟာချိုင်၏ အလှကို လည်ပတ်ကြည့်ရှုခံစားနိုင်သော ခရီးသွားဧည့်သည်မဟုတ်ပါ။ ထို့ကြောင့် မဟာချိုင်အတွင်းရှိ လည်ပတ်စရာနေရာများစွာရှိသော်လည်း စာရေးသူ မသွားနိုင်။ မသွားဖြစ်သေး။ စာ‌ရေးသူသည် သည်နိုင်ငံကို အလုပ်လာလုပ်သော ရွှေ့ပြောင်းအလုပ် သမားတစ်ဦးသာဖြစ်ပါသည်။ ထိုအခါ အခြေခံအလုပ်သမားတစ်ဦးအနေဖြင့် မဟာချိုင်၏အလှကို အပြည့်အဝခံစားရန် အခွင့်ရေးမရ။ အထူးသဖြင့် ရောက်တာမကြာသေးသော အလုပ်သမားတစ်ဦးမှာ အများတကာကဲ့သို့ အလည်ပတ်ဘာညာလည်း မသွားဖြစ်။ အလုပ်နှင့်အဆောင်သည်နေရာနှစ်ခုသာ အသွားအပြန်လုပ်ရင်း အချိန်ကုန်လျက်ရှိသည်။ အလုပ်ပိတ်ရက် မသွားမဖြစ် သွား‌ရသောနေရာ တစ်ခုတော့ရှိသည်။ ထိုနေရာ ကားစျေးပဲဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်သမားဘဝတွင် အလုပ်ချိန်ကလွဲ၍ ခဏခဏရောက်သော နေရာကိုပြပါဆိုလျှင်လည်း မိမိအနေနှင့် စျေးဟုသာ ဖြေရပါလိမ့်မည်။ အလုပ်လုပ်ရသော နေရာကား မဟာချိုင်မြို့နယ်ဆိုတော့လည်း မဟာချိုင်အတွင်းရှိ စျေးများကို ရင်းရင်းနှီးနှီးရှိလှသည်။ မဟာချိုင်စျေးများကို ရင်းနှီးသည်ဆိုသော်လည်း စျေးတိုင်းတော့ မဟုတ်။ မဟာချိုင်မြို့နယ်ကလည်း ကျယ်ဝန်းသည်။ ထိုအခါ စျေး‌နေရာဌာနကလည်း များ လှသည်။ နေဝေ့စျေး၊ စနေစျေး၊ စျေးကြီး၊ ထိုင်းယူနစ်စျေး စသည်များစွာဖြစ်သည်။

စာရေးသူ ပထမနေသည့် အဆောင်ခန်းမှာ နေဝေ့စျေးနှင့် နီး၍ ပထမဆုံးဝယ်ဖူးသော စျေးမှာ နေဝေ့စျေး ဖြစ်သည်။ နေဝေ့ကနေ စက်ရုံကို ကားနှင့်သွားရခြင်းက အလုပ်ရှုပ်ပြီး အချိန်ပေးရသည်။ သည်လိုနှင့် စက်ရုံ‌နှင့်နီးသော အဆောင်ကိုရှာပြီး ထပ်ပြောင်းလာသောအခါ ဒုတိယအဆောင်သစ်က မဟာချိုင်စျေးကြီးနှင့် နီး၏။ မဟာချိုင်စျေးကြီးကို တစ်ပတ်တစ်ခါ အလုပ်ပိတ်ရက်တိုင်း စျေးဝယ်ရောက်ဖြစ်သည်။ စျေးကြီးဆိုသည့်အ တိုင်း တကယ့်စျေးကြီးဖြစ်သည်။ စားကုန်၊ သောက်ကုန် ကုန်စျေးနှုန်း စျေးကြီးပေးရ၍ စျေးကြီးဟု ခေါ်ခြင်းမျိုးတော့မဟုတ်နိုင်။ တခြားစျေးသေးသေးကလေးတွေထက် နေရာကျယ်ဝန်းသောကြောင့် စျေးကြီးဟု ခေါ်ခြင်းဖြစ်နိုင်၏။ သို့သော် မြန်မာနိုင်ငံ၏ မန္တလေးစျေးချိုကဲ့သို့ အတွင်း၌ တိုက်တန်းသီး သန့်ရှိ မရှိ မသေချာ။

မဟာချိုင်စျေးကြီးကို တစ်ပတ်ပတ်ကြည့်စဉ် ရန်ကုန် သိမ်ကြီးစျေးကို ရောက်ခဲ့စဉ်က မြင်ကွင်းမျိုးနှင့် တူသယောင် ခံစားရ၏။ မြင်ကွင်းက သိမ်ကြီးစျေးနှင့် အတူတူ။ လမ်းနံဘေးပတ်ချာတွင် ထုပ်ပိုးမှုသပ်ရပ်သော ပင်လယ်စာများစွာကို တွေ့ရ၏။ အများစုက ငါးအမျိုးမျိုးနှင့် ပုစွန်တုပ်မျိုးစုံ၊ ယောက်သွားများဖြစ်သည်။ မြန်မာနိုင်ငံရှိ စျေးနေ့များစွာကို တွေ့ဖူး၊ ရောက်ဖူး၊ ရောင်းဖူးသော ‌စျေးသည်တစ်ယောက်အတွက် ‌ထိုင်းနိုင်ငံ‌ရှိ စျေးအတွင်းနေရာကို လည်ပတ်ကြည့် ရှုခိုက် စျေးရောင်းချင်‌သော ဆန္ဒသာ တဖွားဖွားပေါ်လာ၏။ သို့သော် ဤနိုင်ငံ၌ စျေးရောင်းခြင်းအလုပ်ကို တခြားနိုင်ငံခြားသားများလုပ်ခွင့် မရှိ။ သူတို့လူမျိုးများသာ လုပ်ခွင့်ရှိသော သီးသန့်အလုပ်ဖြစ်သည်။ စိတ်ထဲ စျေးသည်စိတ်ပေါ်လာသော်လည်း ဆန္ဒသာ ဖြစ်သည်။ မရောင်းရဲ။ မရောင်းချင်။ ရောင်းခွင့်မရှိ။ ထို့ကြောင့် စျေးသည်စိတ်ကို ခဝါချပြီး စျေးဝယ်လာသူတစ်ဦးအဖြစ်သာ စျေးအ တွင်းလှည့်ပတ်လိုက်ရသည်။ အဝတ်အစားတန်းနှင့် တခြားအသုံးအဆောင်ပစ္စည်းများ ရှိသည်။

အများစုသည် မြန်မာအလုပ်သမားများ ဖြစ်‌သောကြောင့် စျေးထဲ၌ရှိသောအစား အသောက်များစွာ တို့သည်လည်း မြန်မာတို့စိတ်ကြိုက်ပစ္စည်းများ ရှိနေတတ်သည်။

(၃)

အဓိက မြန်မာများ စျေးဝယ်သောနေရာ ကားဘူတာရုံနံဘေးရှိ ကုန်စိမ်းတန်းနှင့် အသားငါးတန်းဖြစ်သည်။ ထိုအသားငါးတန်းတွင် တနင်္ဂနွေပိတ်ရက်ဆိုလျှင် တိုးမပေါက်အောင် လူစည်ကား၏။ စျေးသည်မှ လွဲ၍ စျေးဝယ်လာသူ၊ အ‌ရောင်းဝန်ထမ်းတိုင်းသည် မြန်မာများသာဖြစ်၏။ ထိုအခါ စာရေးသူစိတ်ထဲ ကိုယ့်ကိုယ်ကိုယ် တိုင်းတစ်ပါး ရောက်နေသော အလုပ်သမားဟု မထင်တော့ပါ။ လူလည်တစ်တွေ ရေလည်းတခြား တိုင်း တစ်ပါးဟု မမြင်နိုင်တော့ပါ။ ဘူတာရှိ နံဘေးရှိ ‌ကုန်စိမ်းတန်းသည် သံလမ်းတစ်ဖက်တစ်ချက်တွင် နေရာချထား၏။ ကုန်စိမ်းမှန်သမျှ အကုန်ရသည်။ မြန်မာအစားအသောက် ဘာစားမလဲ ဘာရှာလဲ အကုန်ရှိသည်။ စျေးဝယ် သံ၊ စျေးရောင်းသံများကလည်း မြန်မာစကား မြန်မာသံများဖြစ်၍ ကိုယ့်ကိုယ်ကိုယ် ကိုယ့် မြေကိုယ်ရေဟု အထင်မှားလာသည်အထိ ခံစားမှုပြောင်းသွားသည်။ ပိုဆိုးသည်မှာ စာရေးသူသည် မြန်မာနိုင်ငံနေတုန်းလည်း စျေးနှင့်ရင်းနှီ‌းသော စျေးသည်တစ်ဦးဖြစ်၏။

နောင်ချိုမြို့နယ်အတွင်းရှိ ငါးရက်တစ်စျေး စျေးနေ့များကို စျေးရောင်းဖူးသလို မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်စျေး၊ အုန်းချောစျေး၊ ပြင်ဦးလွင် အနီးစခန်းစျေးနေ့များကို တစ်လှည့်စီ စျေးရောင်းခဲ့သူဖြစ်သည်။ စျေးနှင့် စာ‌ရေးသူဘဝက တစ်ထပ်တည်းကျသည်ဟု ဆိုရမည်။ စာရေးသူ၏ ဘဝအကြောင်းကို ပြန်တွေးသည့် အခါ စျေးသည်ဘဝကို မေ့၍ မဖြစ်။ စျေးသည်အလုပ်က အဓိက ဖြစ်သည်။  တကယ်တော့ စျေးသည်ဆို‌သော် လည်း ကြီးကြီးမားမား အရင်းအနှီးများများနှင့် စျေးသည်မဟုတ်။ တစ်ပိုင်တစ်နိုင် အရင်းအနှီး ကလေးစု ပြီး ‌စျေးတကာကို လိုက်ရောင်းသည့် လက်ပွေ့စျေးသည်သာဖြစ်ပါသည်။ တခြားအလုပ်ကိုင် မလုပ်တတ်သော စာရေးသူမှာ လက်ပွေ့စျေးသည် ဘဝအဖြစ်နှင့် ဘဝကို ကျားကန်ခဲ့သည်။

ကိုဗစ်ဖြစ်တော့ လက်ပွေ့စျေးသည် ဘဝကို ပထမတစ်ကြိမ် နားလိုက်သည်။ အရင်းအနှီးကလေးစုပြီး ဒုတိယအကြိမ်စျေးသည်ဘဝကို ပြန်စ၍ ရုန်းထတုန်းမှာပဲ စာရေးသူကျက်စားရာ ရှမ်းမြောက်မှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်လာသည်။ သည်အခါ စျေးသည်ဘဝကို ဒုတိယကြိမ် နားလိုက်ရပြန် သည်။ သည်လိုနှင့် မရည်ရွယ်ဘဲ တိုင်းတစ်ပါးသို့ ရောက်ခဲ့သည်။ တိုင်းတစ်ပါး အလုပ်သမားဘဝ ဖြစ်ခဲ့သည်။ ကိုယ်ပိုင်အလုပ် စျေးသည် ဘဝနှင့် တိုင်းတစ်ပါးရှိ သူများအလုပ်လုပ်ရသော အလုပ်သမားဘဝမှာ တခြားစီဖြစ်သည်။

သူတစ်ပါးအလုပ်တစ်ခါမှ မလုပ်ဖူး၊ မကြုံဖူးသော စျေးသည်ဘဝကနေ သူတစ်ပါး လက်အောက် အလုပ်သမားဘဝသည် ဖြစ်လာသည်။ အနေအထား အတော်ကွာခြားလှသည်။ ထိုအခါ ကိုယ်ပိုင် စျေးသည် ဘဝကလေးကိုပဲ ပြန်လွမ်းပြီး တမ်းတမ်းတတ ဖြစ်ရသည်။ ယခုလို စျေးထဲရောက်ချိန်ဆိုလျှင် ပို၍ပင် အလွမ်းသည်ရသေးသည်။ ထို့ကြောင့်လည်း စျေးသည်စိတ်က မပျောက်။ စျေးရောင်းချင် စိတ်တားမရ။ အထူးသဖြင့် ယခုကဲ့သို့ လူစည်စည်စျေးဆိုလျှင် ပို၍ပင် စျေး‌ရောင်းချင် စိတ်က ပေါ်လာသည်။  တီးလုံးသံ သီချင်းသံကြားလျှင် ကချင်ခုန်ချင် စိတ်‌ပေါ်သော ၀ါသနာရှိ သူများကဲ့သို့ လူစည်စည်စျေးမြင်လျှင် စျေးရောင်းချင်စိတ်များ စာရေးသူထံတွင် တဖွားဖွား ပေါ်လာလေသည်။

သို့သော်လည်း စာရေးသူသည် ယခုလက်ရှိအနေထားတွင် စျေးသည်မဟုတ်ပါ။ သူတစ်ပါးတိုင်းပြည်၏ အ‌ခြေခံအလုပ်သမား တစ်ဦးသာဖြစ်သည်။ အထူးသဖြင့် ယခုစာရေးသူ ရောက်နေသော စျေးမှာ စာရေးသူတို့ အမိမြန်မာနိုင်ငံစျေး တစ်ခုမဟုတ်ပါ။ မြန်မာ လူမျိုး၊ မြန်မာစကား၊ မြန်မာအစားအသောက်များ များစွာတည်ရှိ နေသော်လည်း မြန်မာနိုင်ငံမဟုတ်ပါလား ဆိုသည့် အသိလေးဝင်ပြီး စျေးရောင်းချင်စိတ်အာသာကို တားထား ရပါသည်။ သို့သော်လည်း စျေးသည်စိတ်နှင့် စျေးသည်စရိုက်အတိုင်း ပစ္စည်းတိုင်းကို စျေးမေးကြည့်သည်။ ခရမ်းချဉ်သီး၊ အာလူး၊ အသား၊ ငါးမှန်သမျှ စစ်စစ်ပေါက်ပေါက် စိတ်ရှည်ရှည် နှင့် စျေးအတွင်း စူးစူးစမ်းစမ်း လုပ်မိသည်။

တစ်ခုတော့ ထူးခြားသည်။ မြန်မာပြည်လို စျေးဆစ်၍ မရခြင်းဖြစ်သည်။ စျေးဆစ်သည်ဆိုသော်လည်း သူတို့စကားကို နားလည်၍ မဟုတ်။ ထိုင်းစကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သူ မြန်မာများသည် အရောင်း ဝန်ထမ်း လုပ်ကိုင်ကြသည်။

ထို့ကြောင့် မြန်မာအရောင်းဝန်ထမ်းရှိ၍ စျေးဝယ်ရလွယ်ကူသည်။ ပြီးတော့ ထိုင်းနိုင်ငံသား စျေးသည်အချို့က လည်း မြန်မာ စကားနားလည်သည်။ မြန်မာများကလည်း ထိုင်းစကား အနည်းငယ်နားလည်သည်။ သည်အခါ စျေးဝယ်ရလွယ်ကူသည်။ ခက်သည်က စျေးဆစ်မရ။ စာရေးသူကိုယ်တိုင် စျေးဆစ်ကြည့်သည်။ နှစ်ကြိမ်စလုံး စျေးဆစ်မရ။ အမှတ်တရပဲဖြစ်သည်။

Most Read

Most Recent