အာဆီယံနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက် မြန်မာနိုင်ငံအ​နေဖြင့် လုံးဝတာဝန်ပျက်ကွက်ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အာဆီယံနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက် မြန်မာနိုင်ငံအ​နေဖြင့် လုံးဝတာဝန်ပျက်ကွက်ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 30 June 2026

အာဆီယံနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက် မြန်မာနိုင်ငံအ​နေဖြင့် လုံးဝတာဝန်ပျက်ကွက်ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ယနေ့(ဇွန် ၃၀ ရက်)မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် နိုဝင်ဘာတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တက်ရောက်နိုင်မှု အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဆီယံကို တက်မှာလားဆိုတော့ ဖိတ်မှာလားလို့ ကျွန်မပြန်မေးပါရစေ။ ဖိတ်ရင် တက်မှာပါ။ ဖိတ်မလားဆိုတာ မေးခွန်းတစ်ခု၊ နောက်တစ်ခုကတော့ သူတို့က နောက်ပိုင်းကျတော့ ဘယ်အဆင့် ဝန်ထမ်းပေါ့၊ MOFA က ဘယ်သူ၊ ဘယ်သို့၊ ဘယ်ညာ ဒါမျိုးလေးတွေနဲ့ လာပါတယ်။ ဒါပေမယ့် ကျွန်မတို့သည် စောစောက ပြောခဲ့တဲ့ ဒေသတွင်းမှာ အာဆီယံနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက် ကျွန်မတို့ဘက်က လုံးဝတာဝန် မပျက်ကွက်ပါဘူး။ အမြဲတမ်း ကျွန်မတို့ တက်ရောက်နေပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

၂၀၂၆ ခုနှစ် မေ ၇ ရက်မှ ၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)နှင့် အာဆီယံထိပ်သီးအစည်းအဝေး(သီးသန့်) တို့တွင် ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိ နေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

ထို့အပြင် အစည်းအဝေးတွင် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် ရေနံထောက်ပံ့မှုနှင့် ဈေးနှုန်း မတည်ငြိမ်မှု၏ သက်ရောက်မှုများကို စီမံခန့်ခွဲရန်နှင့် လျော့ပါးသက်သာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် လတ်တလော ပထဝီနိုင်ငံရေး အကျပ်အတည်းများမှ ရရှိသည့် သင်ခန်းစာများ၊ အာဆီယံအသိုက်အဝန်းထူထောင်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနှင့် ပြင်ပမိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံ အသိုက်အဝန်းထူထောင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့ပြီး၊ မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းအသိပေးခဲ့ပါသည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ၇-၅-၂၀၂၆ ရက် တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၃၁) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၃၈) ကြိမ်မြောက် အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး ဝန်ကြီးများ ပူးတွဲအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

Most Read

Most Recent