ယူကရိန်းစစ်ပွဲ ပြီးဆုံးသွားခဲ့မည်ဆိုပါက ရုရှားသည် တစ်နှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်နိုင်ခြေရှိကြောင်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ယူကရိန်းစစ်ပွဲ ပြီးဆုံးသွားခဲ့မည်ဆိုပါက ရုရှားသည် တစ်နှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်နိုင်ခြေရှိကြောင်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
Published 30 June 2026
Ref;AFP

ယူကရိန်းစစ်ပွဲ ပြီးဆုံးသွားခဲ့မည်ဆိုပါက ရုရှားသည် တစ်နှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် အကန့်အသတ်ရှိသော စစ်ဆင်ရေးတစ်ရပ်ကို စတင်လာနိုင်ကြောင်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက်တွင် သတိပေးလိုက်သည်။

ဥရောပသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေးကြားရှိ မရေရာသော အခြေအနေ (Grey Zone) ထဲတွင် ရောက်ရှိနေကြောင်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် ကာကွယ်ရေးမူဝါဒ မဟာဗျူဟာစာ တမ်းတွင်ဖော်ပြထားသည်။

ထို့ပြင်ဒရုန်းကဲ့သို့ မောင်းသူမဲ့လက်နက်များကို အဓိကထားပြီး နယ်သာလန်၏ ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်သွားမည်ဟုလည်း အဆိုပါစာတမ်းတွင် ကတိပြုထားသည်။

“ရုရှားဟာ ဥရောပနဲ့ ရေရှည်ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေတယ်လို့ နယ်သာလန်ထောက်လှမ်းရေးအဖွဲ့တွေက ခန့်မှန်းတွက်ချက်ထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဆိုးရွားဆုံး အခြေအနေမှာတော့ ယူကရိန်းမှာဖြစ်ပွားနေတဲ့ ရုရှားစစ်ပွဲပြီးဆုံးသွားခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေအပေါ် အကန့်အသတ်ရှိတဲ့ စစ်ပွဲတစ်ခု ဖြစ်ပွားလာနိုင်ခြေရှိပါတယ်” ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါသတိပေးချက်သည် ဇူလိုင် ၇ ရက်မှ ၈ ရက်အထိ တူရကီနိုင်ငံ၏ မြို့တော်အန်ကာရာတွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးအတွက် အဖွဲ့ဝင်နိုင်ငံများ ပြင်ဆင်နေချိန်တွင်ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် ရုရှား၏ခြိမ်းခြောက်မှုနှင့်ပတ်သက်သည့်ကိစ္စရပ်သည် အဓိကဆွေးနွေးမည့် အစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။

ရုရှားသည် ငါးနှစ်အတွင်း နေတိုးကို စစ်ရေးအရ တိုက်ခိုက်ရန် အသင့်ဖြစ်နေနိုင်သည်ဟုလည်း နေတိုးအဖွဲ့အစည်းအကြီးအကဲ မာ့ခ်ရူတေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့သော ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် နယ်သာလန်အစိုးရသည် ၎င်းတို့၏ စစ်ဆင်ရေးစွမ်းဆောင်ရည် ထက်ဝက်ခန့်ကို ငါးနှစ်အတွင်း မောင်းသူမဲ့လက်နက်စနစ်များ ဖြစ်လာစေရန် ရည်မှန်းချက်ချမှတ်ခဲ့သည်။

ထိုရည်မှန်းချက် အောင်မြင်စေရန်အတွက် ဒရုန်းများကို ပြန်လည်တိုက်ခိုက်ချေမှုန်းနိုင်မည့် ဒရုန်းများ ပုံစံထုတ်လုပ်ရန်နှင့် တည်ဆောက်ရန်အတွက် အထူးဓာတ်ခွဲခန်းတစ်ခု တည်ထောင်ရန် နယ်သာလန်အစိုးရက ရည်ရွယ်ထားသည်။

“မေးခွန်းကတော့ ကျွန်မတို့ရဲ့ လွတ်လပ်မှု၊ လုံခြုံရေးနဲ့ နေထိုင်မှုပုံစံတွေကို ကာကွယ်ဖို့အတွက် ဥရောပနဲ့ နယ်သာလန်တို့ဟာ အချိန်မီအင်အားတောင့်တင်းလာပါ့မလားဆိုတာပါပဲ။ ဒါဟာ မျိုးဆက်တိုင်းရဲ့ တာဝန်ဖြစ်ပေမဲ့ အခုလိုမျိုး အရေးတကြီး လိုအပ်တာ မျိုးကတော့ အလွန်ပဲရှားပါတယ်” ဟု နယ်သာလန်ကာကွယ်ရေးဝန်ကြီး ဒီလန်ရဲ့ဆဲလ်ဂိုးစ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent