အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်အရ အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစခန်းများကို လာရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲက ဇွန် ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ဂျပန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့ဆီ (Rafael Grossi) က လုပ်ထုံးလုပ်နည်းများအတိုင်း စစ်ဆေးမည့်နေ့ရက်၊ အစီအစဉ်နှင့် နေရာများကို မကြာမီ အသေးစိတ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
သို့သော် ပျက်စီးသွားသည့် နျူကလီးယားအဆောက်အအုံစခန်းများသို့ ဝင်ရောက်စစ်ဆေးခွင့်ပြုရေးကို အမေရိကန်နှင့် နောက်ဆုံးအဆင့် သဘောတူညီချက် မူဘောင်အတွင်းမှသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ထားသည်။ အချက် ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာအရ အမေရိကန်နှင့်အီရန်တို့ ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးအဆင့် သဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ကတိပြုထားကြသည်။
ကုလသမဂ္ဂက လာရောက်စစ်ဆေးမည့်ကိစ္စ အမေရိကန်နှင့် အီရန်အကြား အငြင်းပွားမှုများလည်း ရှိနေသည်။ ဆွစ်ဇာလန်တွင် အီရန်အဆင့်မြင့် ဆွေးနွေးရေးမှူးနှင့် တွေ့ဆုံပြီးနောက် ဇွန် ၂၂ ရက်တွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က IAEA စစ်ဆေးရေးမှူးများကို ပြန်လည်ဖိတ်ခေါ်ရန် အီရန်ဘက်က သဘောတူခဲ့သည်ဟု ပြောကြားခဲ့သည်။သို့သော် နောက်တစ်နေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထိုကိစ္စကို အသေးစိတ်ဆွေးနွေးထားခြင်း မရှိသေးကြောင်းနှင့် ၂၀၂၅ ခုနှစ် ဇွန်လက ၁၂ ရက်ကြာ အစ္စရေး-အီရန်စစ်ပွဲအတွင်း အမေရိကန်က ဗုံးကြဲခဲ့သည့် အီရန်နျူကလီးယားစခန်းများသို့ IAEA စစ်ဆေးရေးမှူးများကို ဝင်ရောက်ကြည့်ရှုခွင့်ပြုရန် အစီအစဉ်မရှိကြောင်း တုံ့ပြန်ခဲ့သည်။
သန့်စင်ထားသည့် ယူရေနီယံများကို နျူကလီးယားဓာတ်အားပေး စက်ရုံများတွင် လောင်စာအဖြစ် အသုံးပြုနိုင်သကဲ့သို့ နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ ယခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲမဖြစ်ပွားမီ IAEA ၏ အစီရင်ခံစာအရ အီရန်တွင် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသည့် ယူရေနီယံ ၄၄၀ ကီလိုဂရမ်ရှိနေပြီး လက်နက်ထုတ်နိုင်သည့် အဆင့်နီးပါးဖြစ်သည်။ အကယ်၍ အီရန်က သန့်စင်မှုကို ၉၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်မည်ဆိုပါက သီအိုရီအရတွက်လျှင် နျူကလီးယားဗုံး ၁၀ လုံးအထိ ထုတ်လုပ်ရန် လုံလောက်သွားဖွယ်ရှိသည်။
Ref: BBC
Photo: AP















