ယခုသီတင်းပတ်အတွင်း ကိုရီးယားနှစ်နိုင်ငံကြား လုံခြုံရေးအလွန်တင်းကျပ်ထားသည့် နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည့် မြောက်ကိုရီးယားစစ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းအေဂျင်စီက ဇွန် ၂၄ ရက်တွင် ဖော်ပြခဲ့သည်။
“ကျွန်တော်တို့ စစ်တပ်ဟာ ဇွန် ၂၃ ရက် ညပိုင်းက ရှေ့တန်းစစ်မျက်နှာမှာ မြောက်ကိုရီးယားစစ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက လက်ရှိမှာ အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပါတယ်” ဟု ဆိုးလ်မြို့ရှိ ပူးတွဲစစ်ဦးစီးချုပ်ရုံးက မီဒီယာများသို့ ပေးပို့သော သတင်းစကားတွင် ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲပြီးဆုံးခဲ့ပြီးနောက်ပိုင်း သောင်းနှင့်ချီသည့် မြောက်ကိုရီးယားပြည်သူများသည် တောင်ကိုရီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
၎င်းတို့အနက် အများစုမှာ ကုန်းလမ်းမှတစ်ဆင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ကြပြီး တရုတ်မှတစ်ဆင့် ထိုင်းနိုင်ငံကဲ့သို့ တတိယနိုင်ငံတစ်ခုသို့ ဝင်ရောက်ကာ နောက်ဆုံးတွင် တောင်ကိုရီးယားသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားသည့် ကုန်းတွင်းနယ်စပ်ကို ဖြတ်ကျော်၍ ထွက်ပြေးခိုလှုံမှုမျိုးမှာ အလွန်ရှားပါးသည်။
အဘယ်ကြောင့်ဆိုသော် အဆိုပါနယ်စပ်ဒေသသည် တောအုပ်ထူထပ်ခြင်း၊ မြေမြှုပ်မိုင်းများ မြှုပ်နှံထားခြင်းနှင့် နှစ်နိုင်ငံစလုံးမှ စစ်သားများက စောင့်ကြပ်ကြည့်ရှုနေခြင်းတို့ကြောင့် ဖြစ်သည်။
Photos- AP/AFP















