အီရန်စစ်ပွဲတွင် ကြားနေအဖြစ် ရပ်တည်ပေးခဲ့သည့် တရုတ်သမ္မတရှီနှင့် ရုရှားသမ္မတပူတင်ကို ကျေးဇူးတင်ကြောင်း ထရန့် ပြောကြား

အီရန်စစ်ပွဲတွင် ကြားနေအဖြစ် ရပ်တည်ပေးခဲ့သည့် တရုတ်သမ္မတရှီနှင့် ရုရှားသမ္မတပူတင်ကို ကျေးဇူးတင်ကြောင်း ထရန့် ပြောကြား
Published 18 June 2026
Ref:Reuters

အီရန်နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ကြားနေအဖြစ်ရပ်တည်ခဲ့ကြသည့် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ​ ဒေါ်နယ်ထရန့်က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အီရန်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်များကို ထိန်းချုပ်ရန် မိမိ၏ ကြိုးပမ်းအားထုတ်မှုများကို ရှီနှင့် ပူတင်တို့က ဟန့်တားနှောင့်ယှက်ခြင်း မပြုခဲ့ကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။

“အခြေအနေတွေကို အများကြီး ပိုကောင်းအောင် လုပ်ပေးခဲ့ကြတဲ့အတွက် သူတို့ကို ကျွန်တော် ကျေးဇူးတင်ချင်ပါတယ်” ဟု ထရန့်က အီရန်နှင့် ပဋိပက္ခအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အတည်ပြုပြီးနောက် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ Evian-les-Bains မြို့တွင် ကျင်းပသည့် စက်မှုထိပ်သီးခုနစ်နိုင်ငံ (G7) ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထရန့်က အီရန်ပဋိပက္ခတွင် ပါဝင်ခြင်းမရှိခဲ့သည့်အတွက် ထိုခေါင်းဆောင်များကို ကျေးဇူးတင်ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံနဲ့ သမ္မတ ရှီ ကို ကျေးဇူးတင်ချင်ပါတယ်။ သူက လုံးဝကို ကြားနေပေးခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဗလာဒီမာ ပူတင်ကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ သူလည်း တကယ့်ကို ကြားနေပေးခဲ့ပါတယ်။ သူတို့သာ ဝင်ပါရင် ကျွန်တော်တို့အတွက် အများကြီး ပိုခက်ခဲသွားစေနိုင်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်၏ မှတ်ချက်စကားများသည် ဂျပန်မှ ဥရောပအထိရှိသော အမေရိကန်၏ မဟာမိတ်များအပေါ် ပြောကြားခဲ့သည့် စကားများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ထရန့်က ထိုမဟာမိတ်နိုင်ငံများသည် စစ်ဆင်ရေးတွင် ဖြစ်စေ၊ အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ရှင်းလင်းသည့် နောက်ဆက်တွဲ ကြိုးပမ်းမှုများတွင်ဖြစ်စေ ကူညီပေးခြင်းမရှိကြောင်း ဝေဖန်ခဲ့ဖူးသည်။

ရုရှားနှင့် တရုတ်အစိုးရတို့သည် အီရန်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။

ရုရှားနိုင်ငံက ယခုစစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသတွင် နျူကလီးယား လက်နက်ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်အစိုးရကလည်း အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများသည် အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်နိုင်ငံသည် အီရန်အစိုးရထံ စစ်ဘက်ဆိုင်ရာတွင် အသုံးပြုနိုင်ခြေရှိသည့် ကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိများက သုံးသပ်ထားသည်ဟု ယခုကိစ္စနှင့် နီးစပ်သူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အမှီအခိုကင်းသော ရေနံချက်စက်ရုံများသည် ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ဖီဆန်ကာ အီရန်ထံမှ ရေနံများဝယ်ယူသည့် အဓိက ဖောက်သည်များ ဖြစ်ခဲ့ကြသည်။

သို့သော် ထရန့်က ရှီသည် ပဋိပက္ခကို ဖြေရှင်းရာတွင် အကူအညီဖြစ်စေခဲ့ပြီး အလွန်အစွမ်းထက်သည့် လက်နက်ကြီးများ သို့မဟုတ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို အီရန်သို့ ပေးပို့ခြင်းမှ ရှောင်ကြဉ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

"သူတို့အနေနဲ့ ရေနံတင်သင်္ဘောတစ်စီးကို ဘေးတစ်ဖက်စီမှာ ဖျက်သင်္ဘော ခြောက်စီးစီ ခြံရံပြီး ပို့ချင်ရင် ပို့လို့ရခဲ့တာပဲ။ ဒါပေမဲ့ သူတို့ အဲဒီလို မလုပ်ခဲ့ပါဘူး။ သမ္မတ ရှီက ကျွန်တော့်ကို ကူညီခဲ့ပါတယ်။ သူ ကူညီဖို့ ကြိုးစားခဲ့ပါတယ်။ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့လည်း သူ ကူညီပေးခဲ့ပုံရပါတယ်" ဟု ထရန့်က ဆိုသည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တစ်ခုတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် တစ်သမတ်တည်းရှိခဲ့ပြီး တိုက်ပွဲများ အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးတို့အတွက် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ ရုရှားသံရုံးကမူ ယခုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

 

Most Read

Most Recent