အမျိုးသားစာပေဆု ငါးကြိမ်တိုင်တိုင် ရရှိခဲ့သည့် တစ်သက်တာအမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့် ကွယ်လွန်

အမျိုးသားစာပေဆု ငါးကြိမ်တိုင်တိုင် ရရှိခဲ့သည့် တစ်သက်တာအမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့် ကွယ်လွန်
Published 18 June 2026

အမျိုးသားစာပေဆု ငါးကြိမ်တိုင်တိုင်ရရှိခဲ့သည့် တစ်သက်တာအမျိုးသားစာပေဆုရှင် ဆရာကြီး ဦးတင်မောင်မြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဆရာကြီး ဦးတင်မောင်မြင့်မှာ ဇွန် ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာကြီး ဦးတင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE)တွင် အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ် အငြိမ်းစားယူခဲ့သည်။

ဆရာကြီးသည် ၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ် တွင် အထောက်တော်လှအောင်၏ သတင်းမဂ္ဂဇင်း တွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

ဘာသာပြန်စာပေများကို ရေးသားခဲ့သည့် ဆရာကြီးသည် မဒမ်ကျူရီ (၂၀၀၁) (သုတ)၊ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် (၂၀၀၄) (ရသ)၊ အနက်ရောင်အိပ်မက်စိမ်းမြမေတ္တာ (၂၀၀၇) (ရသ)၊ မျှော် (၂၀၁၁) (ရသ)၊ ပြစ်မှုနှင့် ပြစ်ဒဏ် (၂၀၁၂) (ရသ)စာအုပ်များဖြင့် အမျိုးသားစာပေဆုကို ငါးကြိမ်တိုင်တိုင်ရရှိခဲ့သည်။

တစ်သက်တာအမျိုးသားစာ​ပေဆုကို ၂၀၁၈ ခုနှစ်တွင် ရရှိခဲ့သည်။ ဆရာကြီး ဦးတင်မောင်မြင့်မှာ ဘာသာပြန်စာအုပ်ပေါင်း ၁၀၀ ကျော်ကို ရေးသားထုတ်ဝေခဲ့သည်။

Most Read

Most Recent