ပခုက္ကူမြို့နယ် ကမ္မ-မြိုင်သွားကားလမ်းတွင် PDF များထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံအလုံး ၂၀ ကို ထပ်မံဖယ်ရှားခဲ့ကြောင်း သိရသည်။
PDF အဖွဲ့များသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွားကားလမ်း တစ်လျှောက်တွင် ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ ဇွန် ၁၆ ရက်တွင် မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနီး ကားလမ်းဘေး ဝဲ/ ယာဘက်များ၌ PDF အဖွဲ့ ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ရှစ်လုံး၊ ပလပ်စတစ်ပုံးအဝါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းအသေး သုံးလုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ငါးလုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း လေးလုံး၊ စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၂၀ လုံးတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















