မြန်မာ - ထိုင်းနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင်၊ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဖမ်းမိကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ဇွန် (၁၄) ရက် နံနက် (၁၀) နာရီခန့်က ထိုင်းနိုင်ငံ ဘုရားသုံးဆူကျေးရွာရှိ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် သံသယဖြစ်ဖွယ် တရုတ်နိုင်ငံသား (၆) ဦးအား ထိုင်းရဲတပ်ဖွဲ့မှတွေ့ရှိရ၍ ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းတို့မှာ မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အနက် (၄) ဦးတွင် ပတ်စပို့ရှိသော်လည်း ကျန် (၂) ဦးတွင် ပတ်စပို့များမရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရ သိရသည်။
၎င်းတို့အား ထိုင်းနိုင်ငံ စံခလဘူရီရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ခိုးဝင်နေထိုင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူဇွန်လ (၁၅) ရက်နေ့က နံနက် (၅) နာရီအချိန်ခန့်က ထိုင်းနိုင်ငံ ဘုရားသုံးဆူကျေးရွာ၊ နောင်လူးရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနရှေ့တွင် သံသယဖြစ်ဖွယ် အမျိုးသား (၅) ဦးအား ထိုင်းရဲတပ်ဖွဲ့က တွေ့ရရှိရ၍ ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းတို့မှာ အသက် (၂၃) နှစ်မှ (၃၀) နှစ်ကြားရှိ တရုတ်နိုင်ငံသားများဖြစ်နေကြောင်း၊ ၎င်းတို့အနက် (၃) ဦးမှာ အထောက်အထားများတွေ့ရသော်လည်း ကျန် (၂) ဦးမှာမူ မည်သည့်အထောက်အထားများမတွေ့ရကြောင်း သိရသည်။
၎င်းတို့အနက် အသက် (၂၃) နှစ်အရွယ် Xie Shilong ဆိုသူက ၎င်းတို့မှာ မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် သွားရောက်အလုပ်လုပ်ခဲ့သည်မှာ ရက်ပေါင်း (၂၀) ခန့်ရှိပြီးဖြစ်ကြောင်း၊ ဇွန်လ (၁၄) ရက်နေ့တွင် ထိုလုပ်ငန်းမှထွက်ပြေးလာပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းကို ထွက်ဆိုချက်ပေးထားကြောင်း ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်အား ကိုးကား၍ ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်များအရ သိရသည်။
၎င်းတို့ကိုလည်း ထိုင်းနိုင်ငံ စံခလဘူရီရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ခိုးဝင်နေထိုင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့အတူ ဇွန်လ (၁၆) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်ကလည်း ထိုင်းနိုင်ငံ ဘုရားသုံးဆူဒေသရှိ ဖရာ့စီယမ်ဒေဝါသီရိရပ် ရုပ်ပွားတော်ရှေ့တွင် သံသယဖြစ်ဖွယ် တရုတ်နိုင်ငံသား (၂) ဦး ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ၎င်းတို့နှစ်ဦးမှာ မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူဒေသရှိ အွန်လိုင်ငွေလိမ်လုပ်ငန်းများမှ ထွက်ပြေးလာကြသူများဖြစ်ကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
၎င်းတို့ (၂) ဦးကိုလည်း စံခလဘူရီရဲစခန်းတွင် ဗီဇာသက်တမ်းကုန်ဆုံးနေသော်လည်း ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်နေမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
လတ်တလော မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင် မြန်မာနိုင်ငံဘက်မှ တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသားများအား နေ့စဉ်ဖမ်းဆီးရမိနေသည့်အတွက်ကြောင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်းရှိ ကန်ချနဘူရီ၊မြို့နယ်၊ ဆိုင်းယော့မြို့နယ်၊ ထောင်ဖာဖွန်မြို့နယ်နှင့် စံခလဘူရီမြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ထားပြီး တရားမဝင်၊ ဝင်/ထွက်သွားလာနေသူများအား တားဆီးရန် ကန်ချနဘူရီခရိုင် ရဲတပ်ဖွဲ့မှူးက ညွန်ကြားချက်ထုတ်ထားကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။















