နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံး အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား အသုံးပြု၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်း မပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ မေ ၂၉ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် လေးထပ်လူနေ အဆောက်အအုံ သုံးလုံးအား ထပ်မံ၍ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဖြင့် အဆောက်အအုံ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ ဖြိုချဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
မေ ၂၉ ရက်တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက် အအုံ ၅၇ လုံးအနက် လေးထပ်လူနေအဆောက်အအုံ သုံးလုံးကို ယာဉ်၊ ယန္တရားများ အသုံးပြု၍ ထပ်မံဖြိုချဖျက်ဆီးခဲ့ရာ မေ ၂၉ ရက်အထိ စုစုပေါင်း အဆောက်အအုံ ၁၅ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၆၂ လုံးကိုလည်း ဆက်လက်၍ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















