စည်းကမ်းတကျ ညီညီညွတ်ညွတ်ဖြင့် စွမ်းအားရှိသမျှ အလုပ်လုပ်ကြပါက တိုင်းပြည် မတိုးတက်ရန် အကြောင်းမရှိကြောင်းနှင့် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့်နိုင်ငံ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်စရာမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (ဇူလိုင် ၁၉ ရက်) တွင် ကျရောက်သည့် ၇၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လာရောက်ဂါရဝပြုပြီးနောက် ပြန်လည်ထွက်ခွာစဉ် မီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားရာ၌ နိုင်ငံတော်သမ္မတက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
"ကျွန်တော်တို့က စည်းကမ်းတကျနဲ့ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြမယ်ဆိုရင် စွမ်းအားရှိသမျှ အလုပ်လုပ်ကြမယ်ဆိုရင် တိုင်းပြည် မတိုးတက်စရာ အကြောင်းမရှိပါဘူး။ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်စရာအကြောင်းမရှိဘူး"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
မြန်မာများအားလုံး ခွန်အားရှိကြပြီး ကိုယ့်ခွန်အားကို အသုံးချနိုင်ရန် မျှော်လင့်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
စုစည်းညီညွတ်သည့်တိုင်းပြည့်တစ်ခုဖြစ်ရန်အတွက် အားလုံးက ညီညွတ်ရန်လိုကြောင်း၊ အလုပ်လုပ်ကြရန်လည်း လိုကြောင်း၊ စည်းကမ်းရှိရန်လည်း လိုကြောင်းနှင့် တိုင်းပြည်သည် စည်းကမ်းအရ လိုအပ်ချက်ရှိနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။















