ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရန်ကုန် - မော်လမြိုင်လမ်းမပေါ်တွင် ဘီးလင်းမြို့ခံတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူမှာ ဘီးလင်းမြို့ဘုရင့်နောင်ကွက်သစ် ၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သည့် အသက် (၂၉ ) နှစ်အရွယ် ကိုထွန်းထွန်းဆိုသူ ဖြစ်ကြောင်းနှင့် ယနေ့ မေလ (၂၈) ရက် နံနက် (၅) နာရီခန့်က သထုံမြို့ဘက်မှ TOYOTA WISH အဖြူရောင်ဖြင့် ဘီးလင်းမြို့ဘက်သို့ ပြန်လာစဉ် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ဒေါက်ရပ်ကျေးရွာ အထက်တန်း ကျောင်းရှေ့ တွင်ပစ်ခတ်ခံရခြင်းဖြစ်သည်။
"ဒီနေ့ မနက်အစောပိုင်းအချိန်က သေနတ်သံ (၅) ချက်လောက်ကြားလိုက်ရတယ်။ မနက်မှ ကားလမ်းပေါ်မှာ TOYOTA WISH အဖြူရောင်တစ်စီးရပ်နေတာတွေရတယ်။ ကားဘေးမှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံး နေတာမျိုးတွေ့ကြရတာပါ"ဟု ဒေသခံတစ်ဦးကပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိုထွန်းထွန်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ (၁)ချက်၊ ယာလက်မောင်းဖေါက်ဝင်ဒဏ်ရာ (၁) ချက်တို့ရရှိပြီးသေဆုံးနေခြင်းဖြစ်သည်ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘီးလင်းအခြေစိုက် ခမရ (၃) မှ အင်အား ၂၀ ခန့်ဖြင့် နယ်မြေရှင်း လင်းမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
သေနတ်နှင့်ပစ်ခတ်ခံရပြီးသေဆုံးသွားသည့် ကိုထွန်းထွန်းမှာ ဟိန္ဒူလူမျိုးတစ်ဦးဖြစ်ပြီး ဘီးလင်းမြို့တွင် ကားပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားသည်ဟု မြို့ခံများထံမှ သိရှိရသည်။
ပြီးခဲ့သည့် မေလ (၂၅) ရက်နေ့ ညပိုင်းကလည်း မုဒုံမြို့နယ် ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။
ဘိုဘိုမြင့်















