တောင်ငူမြို့တွင် ဇူလိုင် ၁၇ ရက် ညနေပိုင်းက အမှတ် (၆)ရပ်ကွက် ၊ တပင်ရွှေထီးလမ်းရှိ နေအိမ်တစ်အိမ်၌ ဖဲရိုက်လောင်းကစားနှင့် (၄) ကောင်ဂျင်လောင်းကစားပြုလုပ်သူ ၁၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၊ အမှတ် (၆) ရပ်ကွက် ၊ တပင်ရွှေထီးလမ်းနေ၊ ဦးသိန်းလွင် (ခ) ဦးဒူးရှည် (၆၄)နှစ်၏ နေအိမ်တွင် ဖဲရိုက်လောင်းကစားနှင့် (၄) ကောင်ဂျင်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဇူလိုင် ၁၇ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် တောင်ငူခရိုင်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဇော်ဦး၊ အမှတ် (၂) နယ်မြေရဲစခန်း( တောင်ငူ)မှ ရဲအုပ် ကောင်းဟန် ဦးစီးသော မြို့နယ် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားနေအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်း အမှတ်(၃/၂၀၂၆) ဖြင့် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းဖွဲ့မှ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အိမ်ရှင်ဖြစ်သူ ဦးသိန်းလွင် (ခ) ဦးဒူးရှည် အပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၆ ဦး ၊ ပေါင်း ၁၇ ဦးတို့အား နေအိမ်အတွင်း၌ လောင်းကစားဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ဖဲရိုက်လောင်း ကစား၊ (၄)ကောင်ဂျင်လောင်းကစား ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးရမိသူများနှင့်အတူ (၄)ထောင့်ကြယ်ပါ အနီရောင်ဖဲချပ်(၁၀၈)ချပ်၊ (၄)ထောင့်ကြယ်ပါ အနက်ရောင်ဖဲချပ် (၁၀၈)ချပ်၊ စက်ဝိုင်းပုံအဝိုင်းများပါ ကြက်သွေးရောင်ဖဲချပ်(၁၀၈)ချပ်၊ အောက်ခံကြွေပန်းကန်ပြား အဖြူအသေး(၁)ချပ်၊ အစိမ်းရောင်စောင်ကြား(၂)ထည်၊ Royal 100% PLASTIC တံဆိပ်ပါ ဖဲချပ်ထည့်သည့်ဘူးခွံ(၁)ခု၊ အဝါကွက်ကျန်းမာရေးဖျာ(၁)ချပ်၊ Royal 100% ALL PLASTIC PLAYING CARDS ဘူးခွံ(၁)ခု၊ မြွေ၊ ဝက်၊ ဖား၊ ကြက် တံဆိပ်ပါဂျင်(၂)ခု၊ ပန်းပွင့်အသေးပုံပါ ကြွေပန်းကန်ပြား(၁)ချပ်၊ ဝက်၊ ကြက်၊ ဖား၊ မြွေတံဆိပ်ပါ ယွန်းထည်ဖြင့် ပြုလုပ်ထားသော ဂျင်အုပ် သည့် ယွန်းအုပ် (၁)ခု၊ ကြက်၊ ဖား၊ မြွေ၊ ဝက်ပါ ဂျင်ကစားရာတွင် အသုံးပြုသည့် အလျား(၆)ပေခန့်၊ အနံ(၃) ပေခန့် ဇယားချပ်ဗီနှိုင်း(၁)ခု၊ ပန်းပွင့်အကြီးပါ ကြွေပန်းကန်ပြားတွင် ဆန်များထည့်ထားသော ပန်းကန် (၁)ချပ် စသည့် ဖဲရိုက်လောင်းကစားနှင့် ဂျင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအပါအဝင် လောင်းကြေးငွေစက္ကူရောရာ (၂၀,၂၅၇,၀၀၀)ကျပ်တို့ကို တွေ့ရှိဖမ်းရမိခဲ့ကြောင်း အမှတ် (၂) နယ်မြေ ရဲစခန်းမှ သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်အတွင်း ပေါ်ကာဖဲရိုက်လောင်းကစားနှင့် (၄)ကောင်ဂျင်လောင်းကစား ပြုလုပ်ကြသူ (၁၇)ဦးအား အရေးယူပေးပါရန် ရဲအုပ် ကောင်းဟန်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ် (၂) နယ်မြေရဲစခန်း (တောင်ငူ)မှ(ပ)၈၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုရေးဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)















