၇၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ယနေ့ (ဇူလိုင် ၁၉ ရက်) နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုဂါရဝပြုကြသည်။
အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများ ဂါရဝပြုကြပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လွမ်းသူပန်းခွေချ ဂါရဝပြုကြသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက လွမ်းသူပန်းခွေချ ဂါရဝပြုကြသည်။
ထို့နောက် တရားဝင် မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄၅ ပါတီက လွမ်းသူပန်းခွေချ ဂါရဝပြုကြပြီးနောက် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများက လွမ်းသူပန်းခွေချ ဂါရဝပြုကြသည်။















