■ ဒေသတွင်း စစ်ရေးပဋိပက္ခကြောင့် ငါးနှစ်ခန့် ပိတ်ထားခဲ့ရသည့် အတွင်းကွင်းကလေးရှိ ကပေါ်ထော့အထက်တန်းကျောင်း ပြန်ဖွင့်ရေးအတွက် ရွာသုံးရွာနှင့် BGF စုပေါင်းရှင်းလင်းရေး ဆောင်ရွက်

■ ဒေသတွင်း စစ်ရေးပဋိပက္ခကြောင့် ငါးနှစ်ခန့် ပိတ်ထားခဲ့ရသည့် အတွင်းကွင်းကလေးရှိ ကပေါ်ထော့အထက်တန်းကျောင်း ပြန်ဖွင့်ရေးအတွက် ရွာသုံးရွာနှင့် BGF စုပေါင်းရှင်းလင်းရေး ဆောင်ရွက်
Published 6 June 2026

ဒေသတွင်း စစ်ရေးပဋိပက္ခကြောင့် ငါးနှစ်ခန့် ပိတ်ထားခဲ့ရသည့် မြဝတီမြို့နယ် ဒေါနတောင်ခြေ အတွင်းကွင်းကလေးရှိ ကပေါ်ထော့ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း ပြန်ဖွင့်ရေးအတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များနှင့် ရွာသုံးရွာမှ ကျေးရွာသားများက ဇွန် ၅ ရက်တွင် ခြုံနွယ်၊ ကိုင်းတောများကို စုပေါင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကပေါ်ထော့ အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် BGF အမှတ် (၄) စစ်ဒေသမှူး၊ တပ်မှူး ဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဗိုလ်မှူး စောထူး ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်၊ အတွင်းကွင်းကလေး (နို့ဖိုး)၊ အပြင်ကွင်းကလေး (ထိမူထ)၊ အတွင်းမဲကနယ် စသော ကျေးရွားများမှ ရွာသူ ရွာသား ၁၅၀ ကျော်တို့ဖြင့် ကျောင်းအတွင်း ရေဆေးခြင်း၊ စာရေးစားပွဲခုံများ ရေဆေးသန့်စင်ခြင်း၊ ပေါင်းမြက်၊ ခြုံနွယ်၊ ကိုင်းတော ရှင်းလင်းခြင်းကို လူအား စက်အားတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကပေါ်ထော့ ကိုယ်ထူကိုယ်ထကျောင်းကို ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး Grade 12 ထိ ပညာသင်ကြားပေးမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားကျောင်းကော်မတီဥက္ကဋ္ဌနှင့် ကပေါ်ထော့ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်သူ ဆရာမ နော်အယ်စေးဖောက ပြောသည်။

"ဒီ ကပေါ်ထော့ကျောင်းမှာ Great.12 အထိ သင်ကြားသွားမယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုတော့ မြဝတီမြို့က အစိုးရအထက်တန်းကျောင်းတွေမှာ သွားရောက်ဖြေဆိုရမှာပေါ့။ ကိုယ်ထူကိုယ်ထကျောင်းဖြစ်တာမို့ အစိုးရပညာရေးစနစ်ရော အခြားဘာသာစကား ဘာသာရပ်တွေဖြစ်တဲ့ ထိုင်းဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား ဘာသာရပ်တွေပါ တွဲဖက်ပြီး သင်ပေးသွားမယ်။ လက်ရှိစာရင်းအရတော့ ကျောင်းတက်ရောက်ကြမယ့် ကျောင်းသား ကျောင်းသူ အယောက် ၇၀ ကျော် ရှိပါတယ်" ဟု ဆရာမနော်အယ်စေးဖောက ပြောကြားသည်။

ကပေါ်ထော့ကျောင်းသည် ဒေသတွင်းဖြစ်ပွားခဲ့သော စစ်ဒဏ်ကြောင့် ငါးနှစ်ခန့် ပိတ်ထားခဲ့ရပြီး ယခု ၂၀၂၆-၂၀၂၇  ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ကျောင်းပြန်လည်ဖွင့်နိုင်ရေး ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့၊ အမှတ် (၄) စစ်ဒေသမှူးက "ကျွန်တော်တို့ကတော့ ကျေးရွာနေ ကလေးတွေရဲ့ ပညာရေးအတွက် ကျောင်းပြန်ဖွင့်နိုင်ရေးမှာ တတ်နိုင်သလောက် ဝိုင်းဝန်းဆောင်ရွက်ပေးတာပါ။ အဓိကကတော့ ကလေးတွေ စာတတ်မြောက်ရေးအတွက် ရည်ရွယ်ပါတယ်။ ပညာတတ်မှပဲ အမှား အမှန်ကို ခွဲပြီး သိနိုင်မှာဖြစ်ပါတယ်" ဟု ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန် ၂ ရက်ကလည်း အပြင်ကွင်းကလေး အလယ်တန်းကျောင်း၊ အတွင်းကွင်းကလေး မူလတန်းလွန်ကျောင်းနှင့် အတွင်းမဲကနယ် အလယ်တန်းကျောင်း (ခွဲ) များကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

 

Most Read

Most Recent