မယ်ဆိုင်မြို့ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားပေါ်တွင် ထိုင်းဘတ်ငွေ ၂၃ သန်း သယ်ဆောင်လာသည့် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် North Now တွင် သတင်းဖော်ပြထားသည်။
အဆိုပါ ချစ်ကြည်ရေးတံတားပေါ်တွင် ထိုင်းနိုင်ငံဘက်အခြမ်း မယ်ဆိုင် နယ်စပ်ဂိတ်မှ အကောက်ခွန်အရာရှိများက မြန်မာလိုင်စင်နံပါတ်ပြားတပ်ထားသည့် ကိုယ်ပိုင်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့သည်။
ယင်းယာဉ်ပေါ်တွင် ငါးခြောက်ဂျပ်ဖာများ၊ အာလူးဂျပ်ဖာများအတွင်း ထည့်သွင်းထားသည့် ဘတ်ငွေ တစ်ထောင်တန် ထိုင်းငွေစက္ကူများကို တွေ့ရှိခဲ့ကြောင်း၊ ငွေစက္ကူများကို ပလတ်စတစ်အိတ်များနှင့် ထုပ်ပိုးထားကြောင်း သိရသည်။
ပထမပုံးတွင် ဘတ် ၁၇,၀၀၀,၀၀၀ ခန့်တန်ဖိုးရှိ ငွေစက္ကူများပါရှိပြီး ဒုတိယပုံးတွင် ဘတ်ငွေ ၆,၀၂၃,၀၀၀ ခန့်ရှိပြီး စုစုပေါင်း ဘတ် ၂၃,၀၂၃,၀၀၀ ပါဝင်သည်။
အသက် ၃၁ နှစ်အရွယ်ရှိ မော်တော်ယာဉ်မောင်းနှင်သူ မြန်မာအမျိုးသားမှာ ထိုင်းငွေကြေးကို ပြည်ပသို့ မှောင်ခိုထုတ်ယူရန်ကြိုးပမ်းခြင်းဟု ထိုင်းအာဏာပိုင်များက ယူဆပြီး ထိုင်းနိုင်ငံ၏ အကောက်ခွန်ဥပဒေနှင့် ငွေလဲလှယ်မှုထိန်းချုပ်ရေးဥပဒေတို့ကို ချိုးဖောက်ရာရောက်ကြောင်း သတင်းတွင် ဖော်ပြသည်။
ငွေစက္ကူများကို သယ်ဆောင်လာသည့် အဆိုပါမြန်မာအမျိုးသားကို မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။















