လီဆာနှင့် LVMH အမွေဆက်ခံသူ ဖရက်ဒရစ်အားနော့တို့ လမ်းခွဲလိုက်ပြီဆိုသည့်သတင်း တစ်ဖန်ထွက်လာ

လီဆာနှင့် LVMH အမွေဆက်ခံသူ ဖရက်ဒရစ်အားနော့တို့ လမ်းခွဲလိုက်ပြီဆိုသည့်သတင်း တစ်ဖန်ထွက်လာ
Published 26 June 2026

BLACKPINK အဖွဲ့ဝင် လီဆာနှင့် ဖရက်ဒရစ်အားနော့တို့ လမ်းခွဲလိုက်ပြီဆိုသည့်သတင်းများ တစ်ဖန်ပျံ့လျက်ရှိသည်။ဖရက်ဒရစ်အားနော့သည် Tag Heuer ၏စီအီးအို ၊ Louis Vuitton နှင့် Dior အစရှိသည့် အမှတ်တံဆိပ်များကို ထုတ်လုပ်သည့် LVMH လုပ်ငန်းစု၏ စီအီးအိုဘီလျံနာ ဘားနတ်အားနော့၏ သားဖြစ်သည်။

Vanity Fair မဂ္ဂဇင်း၏ "The Life of a K-Pop Showgirl" အင်တာဗျူးမှတစ်ဆင့် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်ပြီး လီဆာ၏အဖွဲ့က လီဆာ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းများကို မမေးမြန်းရန် တောင်းဆိုခဲ့ကြောင်း Vanity Fair က ဖော်ပြခဲ့သည်။လီဆာက အဆိုပါကိစ္စကို မှတ်ချက်ပေးခြင်း မရှိသော်လည်း မကြာသေးမီက အားနော့နှင့် လမ်းခွဲထားပုံရကြောင်း အဆိုပါ မဂ္ဂဇင်းက ဆိုသည်။

၎င်းတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက ပါရီရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပထမဆုံးအကြိမ် အတူတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် အားနော့၏ မိသားစုခရီးစဉ်များတွင် လီဆာလည်း ပါသွားသည်ဆိုသည့် သတင်းများကြောင့် ၎င်းတို့တွဲနေကြပြီဆိုသည့် ကောလာဟလများ ပိုပျံ့လာခဲ့သည်။

မတ်လအတွင်းကပြုလုပ်သည့် လီဆာ၏ အသက် ၂၉ နှစ်ပြည့် မွေးနေ့ပါတီကို အားနော့ တက်ရောက်ခြင်းမရှိဟု သတင်းထွက်လာပြီးနောက် ၎င်းတို့ပြတ်သွားကြပြီဆိုသည့် အထင်အမြင်များ စတင်ခဲ့သည်။

အင်တာဗျူးတွင် လီဆာက ၎င်း၏အချစ်ရေးထက် အစွန်းရောက်သည့် ပရိသတ်အချို့ကြောင့် ကိုယ်ရေးလုံခြုံမှု မရှိကြောင်းကို ဖွင့်ဟခဲ့သည်။ အိမ်အပြင်ဘက်တွင် လာစောင့်နေကြသူများ ၊ ၎င်း စီးလာသည့်ကားအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုများစသည့် အတိတ်ကဖြစ်ရပ်များကို ပြန်ပြောပြခဲ့သည်။ "တစ်ချို့အချိန်တွေကျရင် အဲဒါက လွန်လွန်းတယ်။ကျွန်မလည်း တစ်ခါတစ်လေတော့ သာမန်လူတစ်ယောက်လိုပဲ နေချင်မိတယ်" ဟု လီဆာကဆိုသည်။

Ref: Allkpop

Photo: People Magazine

Most Read

Most Recent