နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့(ဇွန် ၁၉ ရက်) နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ Leapmotor ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့သည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ Zhejiang Leapmotor Technology Co., Ltd. သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Leapmotor စက်ရုံအတွင်း လှည့်လည်၍ စက်ရုံမှထုတ်လုပ်ထားရှိပြီးဖြစ်သည့် မော်တော်ယာဉ်များ၊ မော်တော် ယာဉ် ထုတ်လုပ်နေမှုများ၊ တာဝန်ရှိသူများ၏ Leapmotor စက်ရုံဆိုင်ရာ သမိုင်း ကြောင်း ရှင်းလင်းတင်ပြမှုများ၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ပုံအဆင့်ဆင့်များ၊ အချောကိုင်လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အလုံးစုံတပ်ဆင်ပြီးစီး၍ မော်တော်ယာဉ် တစ်စီးထွက်ရှိလာမှုများကို လိုက်လံကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေး နွေးသည်။
အဆိုပါ Zhejiang Leapmotor Technology Co., Ltd. သည် တရုတ်နိုင်ငံ၊ ကျဲ့ကျန်း ပြည်နယ်၊ ဟန်ကျိုးမြို့တွင် တည်ရှိပြီး လျှပ်စစ်ကားများ (EV) အဓိကထုတ် လုပ်သည့် တရုတ်မော်တော်ယာဉ်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖုလိချွမ်(Fu Liquan) နှင့် ကျူးကျန်းမင် (ZhuJiangming) တိုမှ အတူ တကွ တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပထမဆုံးကားများ စတင်ရောင်းချခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် Stellantis က Leapmotor ၏ (၂၀) ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဥရောပနိုင်ငံများ၌ Leapmotor ကားများကို စတင်ရောင်းချခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ မတ်လတွင် Leapmotor အမှတ်တံဆိပ်ကို တရားဝင် စတင်မိတ်ဆက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လတွင် Huawei HarmonyOS နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် Leapmotor B10 ကို စတင်မိတ်ဆက်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်အထိ Leapmotor သည် ပစ္စည်းများ၊ သုတေသန၊ ဖွံဖြိုးရေးနှင့် အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းအတွက်ကုမ္ပဏီ ပေါင်း (၅၀)ကျော်တွင် ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ ၏ ၆၅ ရာခိုင်နှုန်းကို ကိုယ်တိုင်တီထွင်ထုတ်လုပ်ပြီး ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ထုတ် လုပ်နိုင်ရန် ရည်မှန်းထားရှိကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့တွင် ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ စက်ရုံ၊ အလုပ်ရုံ များသို့ သွားရောက် လေ့လာလျက်ရှိသည်။















