မန္တလေးမြို့တွင် လူငယ်များကိုစစ်မှုထမ်းရန် လူကုန်ကူးမှုသဖွယ် ခေါ်ဆောင်ခြင်းခံနေရသလို ငွေကြေးဖြင့်ပြန်လည်ရွေးချယ်ခံနေရမှုနှင့်ပတ်သက်ပြီး လွှတ်တော်တွင်မေးမြန်း

မန္တလေးမြို့တွင် လူငယ်များကိုစစ်မှုထမ်းရန် လူကုန်ကူးမှုသဖွယ် ခေါ်ဆောင်ခြင်းခံနေရသလို ငွေကြေးဖြင့်ပြန်လည်ရွေးချယ်ခံနေရမှုနှင့်ပတ်သက်ပြီး လွှတ်တော်တွင်မေးမြန်း
Published 10 June 2026

မန္တလေးမြို့တွင် လူငယ်များကိုစစ်မှုထမ်းရန် လူကုန်ကူးမှုသဖွယ်ခေါ်ဆောင်ခြင်းခံနေရသလို ငွေကြေးဖြင့်ပြန်လည်ရွေးချယ်ခံနေရမှုနှင့်ပတ်သက်ပြီး လွှတ်တော်တွင်မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေး ဇွန်လ ၁၀ရက်တွင် ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးကိုကိုထွေးမှ

" မန္တလေးမြို့အတွင်း တပ်မတော်နှင့်လက်တွဲမှုမရှိသည့် ပြည်သူ့စစ်အမည်ခံဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ပေးရန် အစီစဥ်ရှိမရှိ သိရှိလိုကြောင်း" မေးခွန်းတွင် ထည့်သွင်းပြောကြားချက်များအရ သိရသည်။

" မန္တလေးမြို့တွင် နိုင်ငံတော်မှဖွဲ့စည်းထားသည့် ရပ်ရွာလုံခြုံရေး၊ ပြည်သူ့စစ်အဖွဲ့များရှိပြီး လက်ရှိ မန္တလေးမြို့အခြေနေအရ ပြည်သူ့စစ်အဖွဲ့များကိုဖျက်သိမ်းခြင်း သို့မဟုတ် ရပ်ရွာလုံခြုံရေးအဖွဲ့ထဲသို့ ထည့်သွင်းရန်လိုကာ လက်နက်များကို တပ်မတော်ထံ ပြန်လည်အပ်နှံစေလိုပါတယ်။ မန္တလေးမြို့တွင် စစ်တိုက်စရာမလိုတော့ကြောင်း၊ ပြည်သူ့စစ်အမည်ခံများ၏ ရပ်တည်မှုများက မေးခွန်းထုတ်စရာများရှိနေပြီး လုပ်စားဟောက်စားအဖွဲ့များကို ဆိုလိုခြင်းသာဖြစ်ပြီး တပ်မတော်နှင့်လက်တွဲခဲ့ကြသည့် ပြည်သူ့စစ်များကို ဆိုလိုခြင်းမဟုတ်ပါ။စစ်မှုထမ်းအတွက်လိုလို ပြည်သူ့စစ်အတွက်လိုလို လိုင်စင်မဲ့ကားတွေစီး၊ သေနတ်ကြီးတွေ တရား၀င်ရော၊ တရားမ၀င်​ရောကိုင်ဆောင်ပြီး စျေးကွက်ကြီးတစ်ခုလို မြို့တွင်းလူကုန်ကူးမှုသဖွယ် ဥပဒေမဲ့စွာစည်းမဲ့ကမ်းမဲ့ တွေ့ကရာနေရာမှာ အဆွဲခံနေရပြီး နောက်ကျောမလုံစွာနေကြရတဲ့ မန္တလေးမြို့ခံလူငယ်များအတွက် ရွေးကောက်ခံအစိုးရအနေနဲ့ ပြည်သူကို ဘယ်လိုစောင့်ရှောက်မှုများပေးနိုင်မလဲဆိုတာ သိလိုပါကြောင်း" ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

မေးမြန်းချက်နှင့်ပတ်သက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက "ပြည်သူ့စစ်များလိုက်နာရမယ့် ကျင့်စဥ် ၁၃ ချက်ကို လိုက်နာစေဖို့ သက်ဆိုင်ရာ ကွပ်ကဲမှုအဖွဲ့များကလည်း ကြပ်မတ်ဆောင်ရွက်လျှက်ရှိပြီး သတ်မှတ်စည်းကမ်း လိုက်နာမှုမရှိသည့် ပြည်သူ့စစ်များ၊ အမိန့်နာခံမှုမရှိသည့် ပြည်သူ့စစ်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း၊ စည်းကမ်းမဲ့ ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များကို တိုင်ကြားလညလျှင် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း " ပြန်လည် ဖြေကြားခဲ့သည်။

" မြေပြင်မှာက ဘာတွေဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ဆိုရင် အသက်မပြည့်တဲ့ ကျောင်းနေရွယ်ကလေး၂ယောက်ကို စစ်မှုထမ်းပါသွားတာကနေ ​​ပြန်ထုတ်ပေးခဲ့ရတယ်ဗျာ။နောက်တစ်ခုက လုပ်ငန်းခွင်၀င်နေတဲ့ကလေးတွေ ညဆိုရင် ဘယ်သူက၊ ဘယ်အဖွဲ့က ဘယ်လကို ဆွဲသွားမှန်းမသိတော့ က​လေးတွေခမျ နောက်ကျောမလုံဘူး။ညအချိန်ဆိုရင် အပြင်ကိုမထွက်ရဲအောင်ဖြစ်နေရလို့ မေးမြန်းရတာပါ။၀န်ကြီးကတော့သူ့ဆီတိုင်ရင် ထိထိရောက်ရောက်အရေးယူမယ်ပြောတယ်။ဒါပေမယ့် ဖမ်းသွားတဲ့ခါ ဘယ်အဖွဲ့ကဖမ်းမှန်းမသိဘူး။ သွား​​ရွေးတဲ့အခါ ဘယ်သူကလာပို့လို့ပို့သွားမှန်းလည်းမသိတဲ့တွက် ဘယ်သူ့ကိုတိုင်ကြားရမှာလဲ စတဲ့အခက်ခဲတွေရှိပါတယ်။ ကျွန်တော်တို့မဟာအောင်​မြေခရိုင်မှာ ၀န်ကြီးကိုယ်တိုင်သင်တန်းဆင်းပေးသွားတဲ့ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်ကာကွယ်ရေး(ပလကပ)အထူးမွမ်းမံသင်တန်း၂၅၀ ဦး သင်တန်းဆင်းသွားပါတယ်။ ဒီအဖွဲ့တွေရှိရဲ့သားနဲ့ ပြည်သူ့စစ်တွေက လက်နက်ကိုင်ပြီး မြို့ထဲမှာ ထားဦးမှာလား။ ဒါတွေကိုရောစိစစ်ဖို့ရှိလားဆိုတာ တင်ပြခဲ့တာပါ" ဟု မေးခွန်းမေးမြန်းရခြင်းနှင့်ပတ်သက်၍ ဦးကိုကိုထွေးက ​​ရှင်းပြခဲ့သည်။

Most Read

Most Recent