■ သုံးလအကြာတွင် ပြန်ကျင်းပသည့် အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲသို့ ထရန့် တက်ရောက်

■ သုံးလအကြာတွင် ပြန်ကျင်းပသည့် အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲသို့ ထရန့် တက်ရောက်
Published 25 July 2026

ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ပွဲပျက်သွားသည့် အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA) ၏ နှစ်ပတ်လည်ညစာစားပွဲကို သုံးလအကြာ ဇူလိုင် ၂၄ ရက်ညတွင် ပြန်လည်ကျင်းပခဲ့ရာ သမ္မတဒေါ်နယ်ထရန့် တက်ရောက်ခဲ့ပြီး တစ်နာရီခန့်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။

မိန့်ခွန်းအတွင်း ထရန့်က သတင်းထောက်အချို့ကို ချီးကျူးပြောဆိုခဲ့ကာ အချို့ကို ဝေဖန်သရော်ခဲ့သည်။ ယခင် ဧပြီညစာစားပွဲတွင် ပြောရန်ပြင်ဆင်ထားသည့် မိန့်ခွန်းက ယခုထက် ပိုမိုပြင်းထန်သည့် အကြောင်းအရာများ ပါဝင်ခဲ့ကြောင်း ထရန့်က ဆိုသည်။

သို့သော် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ပွဲကိုရွှေ့ဆိုင်းလိုက်ရပြီးနောက် မိန့်ခွန်းထဲမှ အပြင်းထန်ဆုံးအပိုင်းများကို ဖယ်ရှားထားကြောင်း ထရန့်က သတင်းထောက်များအား ပြောဆိုခဲ့သည်။ ယခင်က ထရန့်ဝေဖန်ခဲ့ပြီး သတင်းယူခွင့်ပိတ်ပင်ခံခဲ့ရသည့် သတင်းထောက်များလည်း ယခုပွဲကို တက်ရောက်လာကြသည်။

ထရန့်က အီရန်စစ်ပွဲနှင့် အိမ်ဖြူတော်တွင် တည်ဆောက်နေသည့် ကပွဲခန်းမသစ်အကြောင်း ထည့်ပြောကာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်မပြုထားသည့် တတိယအကြိမ် သမ္မတသက်တမ်း ထမ်းဆောင်နိုင်ခြေကို "ဒုတိယအကြိမ်က ပိုကောင်းတယ်၊ တတိယအကြိမ်ဆို ပိုလို့တောင်ကောင်းဦးမယ်" ဟုဆိုကာ ပြီးမှ "နောက်တာပါ" ဟု ပြန်ပြင်ပြောလိုက်သည်။ သို့သော် မိန့်ခွန်းအဆုံးတွင် "ထရန့် ၂၀၂၈" စာတန်းပါ အနီရောင်ဦးထုပ်ကို ဆောင်းပြကာ နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်မည်ဟု ဟာသပြောခဲ့ပြန်သည်။

ယခုညစာစားပွဲကို ယခင်နှစ်များထက် ပိုမိုသေးငယ်သည့် ခန်းမတွင် ကျင်းပခဲ့ပြီး တက်ရောက်သူ ၇၀၀ ခန့်ဖြင့် လုံခြုံရေးကို အထူးတင်းကျပ်ကာ ဝင်ပေါက်တစ်ခုတည်းသာ ဖွင့်ထားခဲ့သည်။

Ref: AP

 

Most Read

Most Recent