မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်ခုကို ဦးဆောင်သွားမည်ဟု အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ကြေညာ

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်ခုကို ဦးဆောင်သွားမည်ဟု အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ကြေညာ
Published 14 July 2026

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်ခုကို ဦးဆောင်သွားမည်ဟု အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ဖြစ်သည့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီ ဆာလာဇာရိုသည် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ပတ္တရားမြို့များတွင် ဇူလိုင်လ ၁၂ ရက်မှ ၁၃ ရက်အထိ အစည်းအဝေးများပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကတ်ကောက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နှင့် ပတ္တရားမြို့တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။

လာဇာရိုက ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်ခုကို ဦးဆောင်သွားမည်ဟုလည်း ကတိပြုခဲ့ပြီး အဆိုပါမစ်ရှင်ကို သက်ဆိုင်သူအားလုံးက ထောက်ခံခဲ့ကြသည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၁၂ ရက်နေ့တွင် လာဇာရိုသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်လာစေရန် မျှော်မှန်းချက်တွင် အာဆီယံက မည်သို့ကူညီပေးနိုင်မည်ဆိုသည့်ကိစ္စရပ်များကို ပွင့်လင်းမြင်သာပြီး အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့ ကြသည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ထို့ပြင် လာဇာရိုသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သဘော အစည်းအဝေးကိုလည်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းအစည်းအဝေး၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုတင်ပြချက်တွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ အစိုးရ၏ ရက်ပေါင်း ၁၀၀ ငြိမ်းချမ်းရေးစီမံကိန်းနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဖြေရှင်းဆောင်ရွက်မည့် အစီအစဉ်များ ပါဝင်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေများကို ဖြေရှင်းဆောင်ရွက်ရာတွင် အထူးသဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှု၌ လက်တွေ့ကျပြီး တိုးတက်မှုများ ဖြစ်ထွန်းလာစေရေးအတွက် အဆိုပါ ဘုံသဘောတူညီချက် ၅ ချက်ကိုသာအဓိကရည်ညွှန်းချက်အဖြစ် အလေးပေးပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဇူလိုင် ၁၃ ရက်တွင် လာဇာရိုသည် မြန်မာနိုင်ငံရှိ အစုအဖွဲ့များအကြား အားလုံးပါဝင်နိုင်သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရှေ့ဆက်သွားမည့်လမ်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်သူအားလုံးက ရိုးသားပွင့်လင်းစွာ ဖော်ပြခဲ့ကြပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်သည့် ပြင်ဆင်မှုများ၏ အရေးကြီးပုံကိုလည်း အလေးပေးပြောကြားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း လာဇာရိုက ထပ်လောင်းပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအနေဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး ခွင့်ရရှိခဲ့ခြင်း ဖြစ်သောကြောင့် ထူးခြားနေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

 

Most Read

Most Recent