■ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပုသိမ်- ရှောပြာ-ချောင်းသာ ကားလမ်း ရေကျော်သဖြင့် ယာယီလမ်းပိတ်ခဲ့ရ

■ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပုသိမ်- ရှောပြာ-ချောင်းသာ ကားလမ်း ရေကျော်သဖြင့် ယာယီလမ်းပိတ်ခဲ့ရ
Published 14 July 2026

မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပုသိမ်- ရှောပြာ-ချောင်းသာ ကားလမ်း ရေကျော်သဖြင့် ယာယီလမ်းပိတ်ခဲ့ရကြောင်း သိရသည်။

ဇူလိုင် ၁၃ ရက်က အဆက်မပြတ် မိုးရွာသွန်းပြီးနောက် ချောင်းသာလမ်း၌ ရေကျော်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 “ခြောက်ကောင်ကျေးရွာနားနဲ့ ဆိပ်ကြီးကျေးရွာနား ချောင်းသာလမ်းမကြီးပေါ်မှာ ရေကျော်တာပေါ့။ နက်တဲ့နေရာဆို လေးပေလောက်ရှိမယ်။ မိုးများတဲ့အချိန် ရေကျော်သွားတာပေါ့။ မိုးကလည်း တအားရွာတယ်။ လမ်းက ရေကျော်ပြီး ဖြတ်မရတော့ ကျွန်တော်တို့ ချောင်းသာက ထွက်လာတဲ့ကားတွေလည်း ပြန်လှည့်ခဲ့ရတယ်။ မနေ့က နေ့လည် ၁၁ နာရီလောက်မှာ အဲ့ကိုရောက်တော့ အကုန်ပြန်လှည့်ရတာ။ မိုးကလည်း တောက်လျှောက်ကို သည်းတာ။ ကမ်းခြေမှာလည်း မုန်တိုင်းတိုက်တဲ့အတိုင်းပဲ။ ညဦးပိုင်းအထိ အတော်ရွာသေးတာ။ ဒီမနက်ကျမှ မိုးပါးသွားတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုမိုးသောက်က ပြောကြားသည်။

 “ဒီမနက်တော့ မနက်စာ စားပြီးတာနဲ့ ပြန်ထွက်ကြတယ်။ မနေ့ကလို ထပ်ဖြစ်မှာစိုးလို့ပေါ့။ ရေကတော့ ပြန်ကျပြီ။ မြေပြိုတာလေးတွေတော့ ရှိတယ်။ ရွှံ့စေးတွေက လမ်းပေါ်မှာ တင်နေသေးတယ်။ ဖြည်းဖြည်းမောင်းပြီးမှ ဖြတ်ရတာပေါ့။ ကျွန်တော်တို့ မနက်ပိုင်းဖြတ်တဲ့အချိန်မှာတော့ မိုးလုံးဝမရှိဘူး။ နေ့ခင်း မိုးပြန်ရွာတယ်ဆိုတော့ ဘယ်လိုအခြေအနေဖြစ်ဦးမလဲတော့ မသိဘူး။ မိုးများရင်တော့ ပြန်ဖြစ်နိုင်တဲ့သဘောရှိတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပြီး ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ဇူလိုင် ၁၃ ရက် ည ၁၁ နာရီအချိန်ခန့်တွင် လမ်းပြန်လည်ပွင့်သွားပြီဖြစ်ကြောင်း၊ ပုသိမ်-ရှောပြာ-ချောင်းသာလမ်းကို ပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

Most Read

Most Recent