ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)တွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် သမိုင်းတစ်လျှောက် အမြန်ဆုံးနှုန်းဖြင့် တိုးပွားလာနေသော အခြေအနေဖြစ်ကြောင်း အာဖရိက ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ယင်းဗိုင်းရပ်စ်ကြောင့် လူပေါင်း ၆၀၀ သေဆုံးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်သည့် နောက်ဆုံးရကိန်းဂဏန်းများအရ မေလလယ်တွင် ကူးစက်ရောဂါအသွင် စတင်ဖြစ်ပွားကြောင်း ကြေညာခဲ့သည့်အချိန်မှစ၍ ကွန်ဂိုနိုင်ငံ၌ အတည်ပြုလူနာ ၁,၇၅၉ ဦး ရှိခဲ့ပြီး ယင်းအထဲတွင် အတည်ပြုသေဆုံးသူ ၆၀၀ ပါဝင်ကြောင်း ပြသနေသည်။
"ဒါဟာ အရင်ကဖြစ်ပွားခဲ့တဲ့ ဘွန်ဒီဗူဂျို (Bundibugyo) ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုတွေထဲမှာတင်မကဘဲ အီဘိုလာရောဂါကို ဖြစ်စေတဲ့ မတူညီတဲ့ ဗိုင်းရပ်စ်အားလုံးထဲမှာပါ သမိုင်းတစ်လျှောက် အမြန်ဆုံးနှုန်းနဲ့ တိုးပွားလာနေတဲ့ အီဘိုလာကူးစက်မှု ဖြစ်ပါတယ်" ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) ၏ အရေးပေါ်အခြေအနေ ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ အကြီးအကဲ ဝက်ဆမ် မန်ကူလာ က သတင်းထောက်များကို ပြောကြားခဲ့သည်။
၂၀၁၃-၂၀၁၆ ခုနှစ်က အနောက်အာဖရိကတွင် ဖြစ်ပွားခဲ့သည့် သေဆုံးမှုအများဆုံး အီဘိုလာကူးစက်မှု၌ ပထမ ၆ ပတ်အတွင်း လူနာ ၉၉၄ ဦး ရှိခဲ့သော်လည်း ယခုလက်ရှိ ကူးစက်မှုတွင်မူ လူနာ ၁,၅၉၆ ဦးအထိ ရှိနေကြောင်း ၎င်းက ဆိုသည်။
"စိတ်မကောင်းစရာကတော့ ဗိုင်းရပ်စ်က ကျွန်တော်တို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေထက် နှာတစ်ဖျား သာနေတုန်းပါပဲ။ အခြေအနေကို ထိန်းချုပ်ဖို့ အရင်းအမြစ်တွေ ဖြန့်ကြက်ချထားနိုင်တာထက် ဗိုင်းရပ်စ်က ပိုပြီးမြန်မြန် ဆက်ပြန့်နေပါတယ်" ဟု မန်ကူလာက ပြောကြားခဲ့ပြီး ကူးစက်ခံရသူ အရေအတွက်မှာ ၂၈ ရက်လျှင် တစ်ကြိမ် နှစ်ဆခန့် တိုးလာနေကြောင်း ခန့်မှန်းထားသည်။
၎င်းက ရောဂါကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများအတွက် စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို အရှိန်မြှင့်ဖို့ လိုအပ်နေပြီး အရှိန်မြှင့်ဖို့ဆိုတာ ဘဏ္ဍာရေးအရင်းအမြစ်တွေနဲ့ လူသားအရင်းအမြစ်တွေကို ဆိုလိုတာပါ" ဟု ဝက်ဆမ်က ပြောကြားခဲ့သည်။
"မိတ်ဖက်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေအားလုံး ဒီအရင်းအမြစ်တွေကို အမြန်ဆုံး ထုတ်ပေးကြဖို့ ကျွန်တော်တို့ တိုက်တွန်းနှိုးဆော်နေပါတယ်" ဟု ၎င်းက ဆိုသည်။
Ref:AFP
Photo:AFP















