သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင်အဆောက်အဦ ၁၉၄ လုံး၌ မြေညီထပ်ကာရံခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးပါက အခန်းပေါင်း ၇၇၆ ခန်း ထပ်မံတိုးလာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။
မေ ၂၈ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသား ကင်ဆာရောဂါကုသရေးဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်း အိမ်ရာများနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ PFI စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အတွင်းရှိ အိမ်ရာစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF)နှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(MLCA)တို့မှ တာဝန်ရှိသူများက လုပ်ငန်းအလိုက် အသီးသီး ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက စီမံကိန်း (ပထမအဆင့်) (၄)ခန်းတွဲ (၅)ထပ် အဆောက်အဦ (၁၉၄)လုံး၊ အခန်းပေါင်း (၃၁ဝ၄)ခန်း ဆောက်လုပ်ပြီးဖြစ်ပါ၍ ပြည်သူများ ငှားရမ်း နေထိုင်လျက်ရှိကြောင်းနှင့် အဆိုပါ အဆောက်အဦ (၁၉၄)လုံးတွင် မြေညီထပ်ကာရံခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးပါက ထပ်တိုးလာမည့် အခန်းပေါင်း (၇၇၆)ခန်းကို ပြည်သူများအတွက် ထပ်မံ နေထိုင်အသုံးပြုသွားနိုင်မည်ဖြစ်သဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ အရည်အသွေးပြည့်မီစေရေး ဌာနမှ ကြီးကြပ်စစ်ဆေးသွားရန်၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ စေရေး အလေးထားဆောင်ရွက်သွားရန်၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် အရိပ်ရ လေကာပင်များ စနစ်တကျ စိုက်ပျိုးသွားရန် ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအိမ်ရာစီမံကိန်းတွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် ဆေးပေးခန်း၊ နေ့ကလေးထိန်းကျောင်း၊ သုခဒဂုံဈေး၊ မော်တော်ယာဉ်လိုင်း (၅)လိုင်းနှင့် ယာဉ် ရပ်နားကွင်းတို့ပါ တည်ဆောက်ထားကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဆေးရုံဝန်းအတွင်း၌ အရာထမ်း၊ အမှုထမ်းများ နေထိုင်နိုင်ရန်အတွက် (၄)ခန်းတွဲ၊ (၅)ထပ် အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဆေးရုံဝန်းအတွင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ ဝန်ထမ်းများနေထိုင်နိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ မြို့ပြ / ရေသန့် / လျှပ်စစ် လုပ်ငန်းများ ဟန်ချက်ညီ ပြီးစီးရေးဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။















