အခါတော်ပေးနှင့် ဗေဒင်နက္ခပညာရှင် ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသ အသတ်ခံရပြီး ပျံလွန်တော်မူကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်တို့၏ အခါတော်ပေးဟု လူသိများသည့် ဒေါက်တာဖေဉာဏ်မှာ မှော်ဘီမြို့ စန္ဒကူးမြိုင် သာသနာ့ရိပ်သာတွင် ရဟန်းဝတ်နေစဉ် ဇူလိုင် ၂ ရက်က အသတ်ခံရခြင်းဖြစ်ပြီး ပျံလွန်တော်မူခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်း၊ စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းဝင်းအတွင်း ပန်းရန်လုပ်ငန်းလုပ်ကိုင်သူနှစ်ဦးသည် ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီခွဲအချိန်၌ ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဖေဉာဏ် (ခ) ဦးပညာဝံသ၊ သက်တော် (၇၅) နှစ်၊ ဝါတော် (၁၅) ဝါအား ဆွမ်းချိုင့်ပို့ရန် လျှောက်ထားရာလျှောက်ထားခေါ်ယူ၍မရကြောင်း၊ ထို့ပြင် ကျောင်းတံခါးများအားပိတ်ထားသဖြင့် ဆရာတော်ကြီးသီတင်းသုံးရာ ကျောင်းဆောင်ခေါင်းရင်းရှိ သော့ချိတ်ထားသော တံခါးမကြီးမှ ဝင်ရောက်ကြည့်ရှုရာ ဆရာတော်မှာ အိပ်ခန်းနှင့် စာကြည့်ခန်းကူးရာ တံခါးဝ၌ မှောက်လျှက်တစောင်းအနေအထားဖြင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ကျောင်းဒါယိကာအား ဖုန်းဆက်အကြောင်းကြားခဲ့ရာ ၎င်းက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု NOM က ဖော်ပြထားသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာသို့ သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆရာတော်ကြီး၏ရုပ်အလောင်းအား မှုခင်းဆေးစာဖြင့် မှော်ဘီပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သဖြင့်ဆေးရုံရှိတာဝန်ကျဆရာဝန်ကြီးက ရင်ခွဲစစ်ဆေးခဲ့ရာ ဆရာတော်ကြီးမှာ ယာဘက်နံညွှန့်အား ချွန်ထက်သောအရာဖြင့် ထိုးသွင်းခံရသည့် ဒဏ်ရာကြောင့် အသည်းထုတ်ချင်းပေါက်ဒဏ်ရာရရှိကာသေဆုံးရခြင်းဖြစ်ကြောင်း NOM က ဆက်လက်ဖော်ပြထားသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရသည်။















