အနောက်တောင်မုတ်သုံလေသည် မေ ၁၃ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်နိုင်

အနောက်တောင်မုတ်သုံလေသည် မေ ၁၃ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်နိုင်
Published 5 May 2026

အနောက်တောင်မုတ်သုံလေသည် မေ ၁၃ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်နိုင်ကြောင်း သိရသည်။

မေလ လပတ်အတွက် မိုးလေဝသနှင့်  ဇလဗေဒခန့်မှန်းချက်အနေဖြင့် အနောက်တောင်မုတ်သုံလေသည် မေ ၁၃ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေ ၁၉ ရက်မှ ၂၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေ ၂၅ ရက်မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊ မေ ၃၁ ရက်မှ ဇွန် ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့် အတင့်ရှိနိုင်ကြောင်း သိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှုအခြေအနေဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၇ ရက်မှ ၂၂ ရက်ခန့်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နေ့အပူချိန်အနေဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မေလပျမ်းမျှ အပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်  မေလပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent