DEMU (Diesel – Electric Multiple Unit) မြန်နှုန်းမြင့် ရထားပြေးဆွဲနိုင်ရေးနှင့် ရထားလမ်းကူးနေရာများ စနစ်တကျဆောင်ရွက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဇေယျာဦးက ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ (၂၂) ရက်၊ မွန်းလဲပိုင်းအချိန်က ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သော DEMU မြန်နှုန်းမြင့် ရထားပြေးဆွဲနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးဇေယျာဦးက ပြောကြားခဲ့သည်။
ရန်ကုန် - မော်လမြိုင်ရထားလမ်းပိုင်းတစ်လျှောက်ရှိ ရထားလမ်းကူးနေရာများတွင် သတ်မှတ်စည်းကမ်း များနှင့်အညီ စနစ်တကျရှိစေရေး၊ မောင်းတံဂိတ်၊ အစောင့်တဲ နှင့် ရပ်/ကြည့်/သွား သတိပေး ဆိုင်းဘုတ်များထားရှိပြီး စနစ်တကျရှိစေရေးနှင့် တရားမဝင် ရထားလမ်းကူးများ ပပျောက်ရေးတို့ကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရန် ဦးဇေယျာဦးက ပြောကြားခဲ့သည်။
ထို့အတူ ဇွန်လ (၂၂) ရက်နေ့က နံနက်ပိုင်းအချိန်ကလည်း ဘီးလင်းမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ကလည်း ရန်ကုန် - မော်လမြိုင် အထူးအမြန်ရထားများ စတင်ပြေးဆွဲတော့မည်ဖြစ်သည့်အတွက် ရထားပြေးဆွဲရာလမ်းကြောင်းပေါ်ရှိ ရထားလမ်းကူးနေရာများ၌ ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် တရားမဝင်ရထားလမ်းကူးများပိတ်သိမ်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွန်မှာကြားခဲ့သေးကြောင်း သိရသည်။
ရန်ကုန် - မော်လမြိုင်ရထားလမ်း မွန်ပြည်နယ်အတွင်းရှိ ရထားလမ်းပိုင်းဖြစ်သည့် သိမ်ဇရပ် ဘူတာမှ မော်လမြိုင်ဘူတာအထိ ရထားလမ်းကူး (၁၅၇) နေရာရှိသော်လည်း တရားဝင် ရထားလမ်းကူးမှာ (၁၆) ခုသာရှိကြောင်းနှင့် ပေါင်မြို့နယ်အတွင်း တရားမဝင် ရထားလမ်းကူးအများရှိ တည်ရှိနေပြီး နှစ်စဉ် ရထားတိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
လာမည့် ဇူလိုင်လ (၁) ရက်နေ့မှစတင်ကာ တွင် ရန်ကုန် - မော်လမြိုင် - ရန်ကုန် DEMU (Diesel – Electric Multiple Unit) ရထားပြေးသွားမည်ဖြစ်ကြောင်းနှင့်Online Ticket စနစ်ဖြင့် လက်မှတ်များ ရောင်းချသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ၏ပြောကြားချက်များအရ သိရသည်။















