ဥရောပတစ်ဝန်း ပြင်းထန်သော အပူလှိုင်းဒဏ်ကို ခံစားနေရစဉ်အတွင်း ပြင်သစ်နိုင်ငံတွင် ကလေးငယ်နှစ်ဦး ကားထဲ၌ သေဆုံးနေသည်ကို တွေ့ခဲ့သည်။
ဇွန် ၂၂ ရက်တွင် ပြင်သစ်နိုင်ငံ၌ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် အသက် နှစ်နှစ်နှင့် လေးနှစ်အရွယ်ရှိ ကလေးငယ်နှစ်ဦးကို နိုင်ငံတောင်ပိုင်း ကာပန်ထရပ်စ် (Carpentras) မြို့ရှိ လူနေအိမ်ရာ ကားပါကင်တစ်ခုရှိ မိသားစုပိုင်ကားထဲတွင် သေဆုံးလျက်သား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ ကလေးငယ်များ သေဆုံးရခြင်းမှာ အပူလှိုင်းဖြတ်နေသည့်ဒဏ်ကြောင့် ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်ဟု ဆိုသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဖုန်းဖြင့် အကြောင်းကြားချက် ရရှိပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် ကလေးငယ်များသည် နှလုံးရပ်တန့်နေပြီဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထို့အပြင် အာဏာပိုင်များက စိတ်ထိခိုက်တုန်လှုပ်နေသော ကလေးငယ်များ၏ မိခင်ဖြစ်သူကိုလည်း ကုသပေးခဲ့ရပြီး ၎င်းကိုမူ လက်ရှိအချိန်အထိ စစ်ဆေးမေးမြန်းခြင်း မပြုရသေးဟု ဆိုသည်။
ယခုတစ်ကြိမ် ဥရောပကို ရိုက်ခတ်နေသော အပူလှိုင်းကြောင့် နိုင်ငံအသီးသီးရှိ အာဏာပိုင်များက သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအားနည်းသူများကို ကာကွယ်ရန် ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ထားရသည်။
အပူလွန်ကဲမှုကြောင့် အပြင်ဘက်တွင် ပြုလုပ်မည့် အခမ်းအနားများကို ဖျက်သိမ်းခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်းတို့ရှိနေပြီး ရုံးဝန်ထမ်းများကိုလည်း အိမ်မှနေ၍ အလုပ်လုပ်ကြရန် ညွှန်ကြားထားသည်။
သိပ္ပံပညာရှင်များကမူ ယခုကဲ့သို့ အပူလှိုင်းများ မကြာခဏကျရောက်ခြင်းသည် ကမ္ဘာကြီးပူနွေးလာမှု၏ ထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ထောက်ပြထားပြီး နောင်တွင် အပူလှိုင်းကျသည့်အကြိမ်ရေ ပိုမိုများလာခြင်း၊ ဖြစ်ပေါ်ချိန်ကြာမြင့်ခြင်းနှင့် ပိုမိုပြင်းထန်လာခြင်းတို့ ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။
ပြင်သစ်မိုးလေဝသဌာန (Meteo-France) ၏ ထုတ်ပြန်ချက်အရ ပြင်သစ်နိုင်ငံတွင် အပူရှိန်ပြင်းထန်မှုကြောင့် စာသင်ကျောင်း ၁,၃၅၀ ကျော်ကို ပိတ်ထားခဲ့ရပြီး ဇွန်လအတွက် ပျမ်းမျှအပူချိန်သည်လည်း စံချိန်တင်မြင့်တက်ခဲ့သည်ဟု ဆိုသည်။
ယာယီအချက်အလက်များအရ နေ့ဘက်နှင့် ညဘက် ပျမ်းမျှအပူချိန်သည် ၂၉ ဒသမ ၂ ဒီဂရီဆဲလ်စီယပ်သို့ ရောက်ရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးစံချိန်ဟောင်းကို ကျော်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။
Ref: AFP
Photos: AFP















