ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၀၀ အထိရှိလာ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၀၀ အထိရှိလာ
Published 23 June 2026

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)တွင် နောက်ဆုံးဖြစ်ပွားခဲ့သော အီဘိုလာရောဂါကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပြီးနောက် ကူးစက်ခံရသူဦးရေ ၁၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဇွန် ၂၂ ရက်တွင် တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံ၏ အမျိုးသားပြည်သူ့ကျန်းမာရေး ဌာန (INSP) က ကူးစက်ခံရသူ ၁၀၀၃ ဦးနှင့် သေဆုံးသူ ၂၅၄ ဦးရှိကြောင်း အတည်ပြုထားပြီး သေဆုံးမှုနှုန်းမှာ ၂၅ ရာခိုင်နှုန်း ရှိသည်။

အသက်အန္တရာယ်စိုးရိမ်ရသည့် အီဘိုလာရောဂါ နောက်ဆုံးအကြိမ်ဖြစ်ပွားမှုကို မေလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။

ကူးစက်မှုအားလုံးနီးပါးမှာ လက်နက်ကိုင်အဖွဲ့များကြောင့် ပဋိပက္ခဒဏ်ခံနေရသည့် အရှေ့မြောက်ပိုင်းရှိ အီတူရီပြည်နယ်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။

စုစုပေါင်း လူဦးရေ ၁၅ သန်းခန့် နေထိုင်သည့် အီတူရီ၊ အိမ်နီးချင်း မြောက်ကီဗူး နှင့် တောင်ကီဗူးဟူသော ပြည်နယ်သုံးခုတွင် ကူးစက်မှုဒဏ်ခံခဲ့ရသည်။

အဆိုပါဗိုင်းရပ်စ်သည် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံသို့လည်း ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်သူ ၂၀ နှင့် သေဆုံးသူ နှစ်ဦးရှိကြောင်း မှတ်တမ်းတင်ထားသော်လည်း ကမ်ပါလာအစိုးရက ယခုလ အစောပိုင်းတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု ပြောကြားခဲ့သည်။

ယခုရောဂါဖြစ်ပွားမှုသည် ဗိုင်းရပ်စ်၏ ရှားပါးမျိုးကွဲဖြစ်သော ဘန်ဒီဘူဂျိုကြောင့်ဖြစ်ပြီး ယင်းအတွက် ကာကွယ်ဆေး သို့မဟုတ် သီးခြားကုသမှု မရှိသေးပေ။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အကြား ထုတ်လုပ်ခဲ့သော လက်ရှိအီဘိုလာကာကွယ်ဆေးများသည် ယခင်က အဓိကကူးစက်မှုများကို ဖြစ်ပွားစေခဲ့သည့် ဇိုင်ယာမျိုးကွဲကိုသာ ထိရောက်မှုရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး အဆိုပါရောဂါဖြစ်ပွားမှုသည် လနှင့်ချီ၍ ကြာမြင့်နိုင်ကြောင်း သတိပေးထားသည်။

“ပထမဆုံး သံသယဖြစ်ဖွယ် သေဆုံးမှုတွေ သတင်းပို့ပြီး နှစ်လလောက်အကြာမှာမှ ဒီရောဂါဖြစ်ပွားမှုကို ကြေညာခဲ့တာပါ။ အဲဒီအချိန်အတွင်းမှာ ရောဂါက ကျွန်တော်တို့အပြည့်အဝ နားမလည်နိုင်သေးတဲ့ နည်းလမ်းတွေနဲ့ အထိန်းအကွပ်မရှိ ပျံ့နှံ့သွားခဲ့ပါတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့ ကိုယ်စားလှယ်တစ်ဦးက အေအက်ဖ်ပီသတင်းသို့ ပြောကြားခဲ့သည်။

ကပ်ရောဂါ အစောပိုင်းကာလများတွင် ကျန်းမာရေးဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရကြောင်း WHO အာဖရိကအရေးပေါ်အခြေအနေဆိုင်ရာအကြီးအကဲ မာရီရိုဆယ်လင်း ဘီလီဇလဲ က ပြောကြားခဲ့သည်။

ယခုအချိန်အထိ ကျန်းမာရေးဝန်ထမ်း ၇၅ ဦး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၎င်းတို့အနက် ၁၇ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ လူထုအတွင်းအကြီးအကျယ် ကူးစက်ပျံ့နှံ့နေတာကို တွေ့ရတဲ့ အတွက် သူတို့တွေ ကျန်းမာရေးစောင့်ရှောက်မှုဌာနမှာပဲ ကူးစက်ခံရတာလို့ အသေအချာ မပြောနိုင် ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့သည် မြို့တော်ကင်ရှာဆာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဘူနီယာသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ဘီလီဇလဲက ပြောကြားခဲ့သည်။                                                  

Ref:AFP

Most Read

Most Recent