ဘာရိန်းနိုင်ငံအတွင်း အီရန်၏တိုက်ခိုက်မှုများကို ထောက်ခံအားပေးသည်ဟု စွပ်စွဲခံရသူအများအပြားကို ဘာရိန်းအစိုးရက နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာလိုက်သည်။
ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာန၏ ဧပြီ ၂၇ ရက်ထုတ်ပြန်ချက်တွင် အီရန်အပေါ် စာနာစိတ်ရှိပြီး နိုင်ငံခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကြံစည်သည်ဟု ယူဆရသူ ၆၉ ဦး၏ နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
ဘာရိန်းဘုရင် ဟာမတ်ဒ် ဘင်အီဆာ အယ်လ်ခါလီဖာ ထုတ်ပြန်သည့် အဆိုပါညွှန်ကြားချက်တွင် ၆၉ ဦးစလုံးမှာ ဘာရိန်းနွယ်ဖွားများ မဟုတ်ကြဟု ဖော်ပြထားသည်။ ဘာရိန်းဥပဒေအရ နိုင်ငံတော်ကို ထိခိုက်နစ်နာစေသူ သို့မဟုတ် သစ္စာမဲ့သူဟု ယူဆရသူများကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပိုင်ခွင့်ရှိသည်။
လန်ဒန်အခြေစိုက် ဘာရိန်းလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့ကမူ ယခုလုပ်ရပ်သည် အန္တရာယ်ရှိလုပ်ရပ်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။
အီရန်၏ လက်တုံ့ပြန်မှုကြောင့် ဘာရိန်းရှိ အမေရိကန် ရေတပ်စခန်းအပါအဝင် ဒေသတွင်းရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ နေရာအချို့ ဒုံးကျည်နှင့် ဒရုန်းဒဏ်သင့်ခဲ့သည်။ဘာရိန်းအစိုးရသည် ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုနှင့် မတည်ငြိမ်မှုများနောက်ကွယ်တွင် အီရန်က သွေးထိုးလှုံ့ဆော်နေသည်ဟု ကာလရှည်ကြာ စွပ်စွဲလာခဲ့ခြင်း ဖြစ်သည်။















