သထုံမြို့နယ် ပေါ်တော်မူကျေးရွာရှိ အ.မ.က (ပေါ်တော်မူ) မူလွန်ကျောင်း၌ အမွှာညီအစ်ကို၊ ညီအစ်မ (၉) စုံ (၁၈) ဦး ပညာသင်ကြားနေကြကြောင်း သိရ

သထုံမြို့နယ် ပေါ်တော်မူကျေးရွာရှိ အ.မ.က (ပေါ်တော်မူ) မူလွန်ကျောင်း၌ အမွှာညီအစ်ကို၊ ညီအစ်မ (၉) စုံ (၁၈) ဦး ပညာသင်ကြားနေကြကြောင်း သိရ
Photo Credit – Win Zaw Oo
Photo Credit – Win Zaw Oo
Published 12 June 2026
ဘိုဘိုမြင့်

မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာရှိ အ.မ.က (ပေါ်တော်မူ) မူလွန်ကျောင်း၌ အမွှာညီအစ်ကို၊ ညီအစ်မ (၉) စုံ (၁၈) ဦးပညာသင်ကြားနေကြကြောင်း သတင်းရရှိသည်။

အမွှာကလေးများအနေဖြင့် ယခုပညာသင်နှစ်မှ ကျောင်းစတင်အပ်နှံကြသူများရှိကြသလို၊ အခြားကျောင်းများမှ ပြောင်းရွှေ့လာကြသူများလည်းရှိကြကြောင်း အ.မ.က (ပေါ်တော်မူ) မူလွန်ကျောင်းမှ ဆရာမတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

၎င်းကဆက်လက်ပြီး “တချို့အမွှာကလေးတွေက တစ်ယောက်က ကျောင်းမှာတက်နေတယ်။ နောက်အမွှာတစ်ယောက်က တခြားနေရာမှာကျောင်းတက်နေရပြီးတော့မှ အခုနှစ်မှာ ဒီကျောင်းကိုရောက်လာပြီးတော့ အမွှာအစုံလိုက်ဖြစ်သွားတာတွေလည်းရှိပါတယ်” ဟု ပြောကြားသည်။

နှစ်စဖြစ်နေသည့်အတွက်ကြောင့် ကလေးများ၏ ပညာရေးနှင့် ပတ်သက်ပြီး အသစ်ရောက်လာကြသည့်ကလေးများ၏ အခြေအနေအား မသိရသေးသော်လည်း ကလေးများအနေဖြင့် လိမ္မာရေးခြားရှိကြကြောင်း ၎င်းကဆိုသည်။

အဆိုပါ  အမွှာကလေးများမှာ KG အတန်းမှ မမေမြန်မာ နှင့် မမေရတနာ၊ Grade – 1 အတန်းမှ မပွင့်သစ်သဇင် နှင့် မပွင့်ခေတ်သဇင်၊ Grade – 3 အတန်းမှ မရတီထွန်း နှင့် မရတနာထွန်း၊ Grade – 4 အတန်းမှ မောင်ဇော်လင်းထက်နှင့် မောင်ဇော်ဝင်းထက်၊ မောင်ရဲရင့်ထွန်း နှင့် မောင်ဝေဟင်ထွန်း၊ Grade – 5 အတန်းမှ မစိုးဝဿန်ကျော် နှင့် မစိုးဟေမာန်ကျော်၊  Grade – 6 အတန်းမှ မသဇင်ခိုင် နှင့် မောင်နေဇော်ဦး၊ မောင်မင်းသန့်ထွဋ် နှင့် မောင်မင်းဟိန်းထွဋ်၊ Grade – 7 အတန်းမှ မဟေမာန်မိုး နှင့် မ ဟေမာန်ဖြိုး တို့ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ အ.မ.က (ပေါ်တော်မူ) မူလွန်ကျောင်းတွင် Grade – 2 မှလွဲ၍ KG အတန်းမှ Grade – 7 အတန်းအထိ အတန်းတိုင်တွင် အမွှာညီအစ်ကို၊ ညီအစ်မများပညာသင်ကြားနေကြသည်ဟု သိရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းဇော်ဦးက ပြောကြားသည်။

၎င်းကဆကလက်ပြီး “ကလေးတွေက အမွှာတွေဆိုတာ့ ရုတ်တရက်ဆိုရင် ခွဲရခက်တာမျိုးတွေ့ရပါတယ်။ ကလေးအားလုံးကလည်း ပေါ်တော်မူကျေးရွာမှာနေထိုင်ကြသူတွေလို့ သိရပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အ.မ.က (ပေါ်တော်မူ) မူလွန်ကျောင်းတွင် အမွှာညီအစ်ကို၊ ညီအစ်မ (၉) စုံ (၁၈) ဦး အပါအဝင် ကျောင်းသား/သူ (၆၅၀) ဦးပညာသင်ကြားနေကြကြောင်းလည်း သိရသည်။

 



 

Most Read

Most Recent