စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံသားတစ်ဦးကို အကြမ်းဖက်ဝါဒအား ငွေကြေးထောက်ပံ့ပေးမှုဖြင့် တရားစွဲဆိုသွားမည်ဟု စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန (MHA) က ဇူလိုင် ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အသက် ၂၃ နှစ်အရွယ်ရှိ အဆိုပါမြန်မာအမျိုးသားသည် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ဝယ်ယူရန် အွန်လိုင်းမှတစ်ဆင့် အလှူငွေကောက်ခံနေသည် X လူမှုမီဒီယာအကောင့်ပိုင်ရှင်တစ်ဦးထံ ငွေကြေး လွှဲပြောင်းပေးခဲ့ကြောင်း စင်ကာပူ၏ ပြည်တွင်းလုံခြုံရေးဌာန (ISD) က စုံစမ်းစစ်ဆေးမှုများအရ ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါ စစ်ဘက်ဆိုင်ရာ ပစ္စည်းများဝယ်ယူခြင်းသည် ဂါဇာစီးတီးမြို့ ၌ အရပ်သားများ အပါအဝင် ပါလက်စတိုင်းအားလုံးကို အမြစ်ဖြတ် သုတ်သင်ရန် ရည်ရွယ်သည့် အကြမ်းဖက်မှုအတွက် အထောက်အကူဖြစ်စေလိမ့်မည်ဟု အဆိုပါ အမျိုးသားက ယုံကြည်ခဲ့သည်ဟုဆိုသည်။
ထို့နောက် (ISD) သည် အဆိုပါဖြစ်စဉ်ကို စီးပွားရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ဂါဇာစီးတီး၌ အကြမ်းဖက်မှု ကျူးလွန်ခြင်းကို အထောက်အကူပြုရန် ထိုသူသည် အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၂၈ ဒေါ်လာ (စင်ကာပူဒေါ်လာ ၉၃ ဒေါ်လာ) ကို လွှဲပြောင်းပေးခဲ့ပြီး နောက်ထပ် အမေရိကန် ၁ ဒေါ်လာကို X အကောင့်ပိုင်ရှင် ညွှန်းဆိုထားသည့် PayPal အကောင့်များသို့ လွှဲပြောင်းရန် ကြိုးပမ်းခဲ့ကြောင်း စုံးစမ်းတွေ့ရှိခဲ့ရသည်။
ငွေကြေးပမာဏ မည်မျှပင်ရှိစေကာမူ အကြမ်းဖက် ရည်ရွယ်ချက်များအတွက် ငွေကြေး ထောက်ပံ့ပေးခြင်းသည် အကြမ်းဖက်ဝါဒအတွက် ငွေကြေး ထောက်ပံ့မှု တားဆီးနှိမ်နင်းရေးဥပဒေအရ ရာဇဝတ်မှုမြောက်ကြောင်း MHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက စင်ကာပူဒေါ်လာ ၅၀၀၀၀၀ ထက်မပိုသော ငွေဒဏ်၊ ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ထိုပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခြင်း ခံရနိုင်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ အမျိုးသားသည် လူမှုမီဒီယာများပေါ်တွင် အစ္စလာမ်မုန်းတီးရေးဆိုင်ရာအကြောင်းအရာများကို ကြည့်ရှုခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အစ္စလာမ်ဘာသာဝင်များအပေါ် ပြင်းထန်သော မုန်းတီးစိတ်များ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် လူမှုမီဒီယာပေါ်တွင် ၎င်း၏ အစွန်းရောက် ပို့စ်များကို အာဏာပိုင်များက သတိပြုမိခဲ့ပြီးနောက် ISD က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















