■ အိန္ဒိယတွင် ဝန်ကြီးချုပ်မိုဒီ၏ နေအိမ်အပြင်ဘက်၌ ထိုင်သပိတ်ဆင်နွှဲပြီး မိုဒီအား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုသည့် အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီကို ရဲတပ်ဖွဲ့က ယာယီထိန်းသိမ်း

■ အိန္ဒိယတွင် ဝန်ကြီးချုပ်မိုဒီ၏ နေအိမ်အပြင်ဘက်၌ ထိုင်သပိတ်ဆင်နွှဲပြီး မိုဒီအား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုသည့် အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီကို ရဲတပ်ဖွဲ့က ယာယီထိန်းသိမ်း
Published 22 July 2026

အိန္ဒိယတွင် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ နေအိမ်အပြင်ဘက်၌ ထိုင်သပိတ်ဆင်နွှဲပြီး မိုဒီအား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် အတိုက်အခံခေါင်းဆောင် ရာဟူး ဂန္ဒီကို ရဲတပ်ဖွဲ့က ဇူလိုင် ၂၁ ရက်တွင် ယာယီထိန်းသိမ်းခဲ့ပြီးနောက် မကြာမီအချိန်အတွင်း ပြန်လွှတ်ပေးခဲ့သည်။

ကွန်ဂရက်ပါတီခေါင်းဆောင် ဂန္ဒီသည် လူငယ်များ ဦးဆောင်သည့် ပိုးဟပ်ပါတီ၏ ဆန္ဒပြလှုပ်ရှားမှုနှင့် ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်ပြီး မိုဒီအနေဖြင့် လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးမှုအတွက် ရာထူးမှ နုတ်ထွက်ပေးရမည်ဟု ပြောကြားကာ မိုဒီ၏ နေအိမ်အပြင်ဘက်တွင် ထိုင်သပိတ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ ပညာရေးဝန်ကြီးကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် လူငယ်များ ဦးဆောင်သော ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက်ခြင်း၊ မျက်ရည်ယိုဗုံးများ အသုံးပြုခြင်း အစရှိသည့် အင်အားသုံးနှိမ်နင်းမှု ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် စန်ထရယ်ဒေလီရှိ သီးခြားနေရာတစ်ခုတွင် ထောင်နှင့်ချီသည့် ကျောင်းသားများ စုဝေးနေချိန်တွင် ဂန္ဒီ၏ ဆန္ဒပြမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မိုဒီအစိုးရသည် ကျောင်းသားများ၏ ပြဿနာများနှင့် ကျောင်းသားများအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း တာဝန်ယူဆွေးနွေးရန် ငြင်းဆန်ခဲ့ပြီးနောက် မိမိတို့ပါတီအနေဖြင့် ဆန္ဒပြမှုကို ဝန်ကြီးချုပ်၏ နေအိမ်ရှေ့တွင် တိုက်ရိုက်ပြုလုပ်ရခြင်းဖြစ်ကြောင်း ဂန္ဒီက ပြောကြားခဲ့သည်။

"အစိုးရဟာ ဘာတာဝန်ယူမှုကိုမှ မလုပ်ချင်သလို လွှတ်တော်ထဲမှာလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ငြင်းခုံဆွေးနွေးတာမျိုး မလုပ်ချင်ပါဘူး" ဟု ဂန္ဒီက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ဂန္ဒီကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်း၏ လက်နှင့် ခြေထောက်များကို ကိုင်မြှောက်ကာ လူအုပ်ကြီးထဲမှတစ်ဆင့် အနီးရှိ ဘတ်စ်ကားတစ်စီးပေါ်သို့ တွန်းတင်သွားခဲ့သည်ကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ခဲ့ရသည်။

ဂန္ဒီသည် လုံခြုံရေးတပ်ဖွဲ့များက ၎င်းအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဓာတ်ပုံများကို မျှဝေခဲ့ပြီး ဆန္ဒပြမှုများ ရပ်တန့်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ နှမဖြစ်သူ ပါတီ၏ ထိပ်တန်း မဟာဗျူဟာမှူး ပရီယန်ကာ ဂန္ဒီသည်လည်း ဇူလိုင် ၂၁ ရက်တွင် ယာယီထိန်းသိမ်းခံခဲ့ရသည်။

မိုဒီသည် အဆိုပါ ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး တိုက်ရိုက်မှတ်ချက်ပေးခြင်း မရှိသေးပေ။

Ref: The Guardian

Photos: AFP

 

Most Read

Most Recent