အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ 7 EAO Alliance (NCA-S EAO) ခုနစ်ဖွဲ့တို့ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး (၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ကြားမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့်အခြေအနေ၊ NCA မှ ခွဲထွက်သွားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့်အခြေအနေ၊ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ စုစည်း၍ ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်မည့်အခြေအနေ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် Bilateral တွေ့ဆုံဆွေးနွေးခဲ့သည့်အခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်နိုင်ရေးကိစ္စများကို ပြောကြားသည်။
ထို့နောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက ယနေ့ဆွေးနွေးပွဲသည် အလွတ်သဘောတွေ့ဆုံပွဲမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အစိုးရသစ်၏ရက် ၁ဝဝ အတွင်း ညှိနှိုင်းရေးကော်မတီ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များသည် ထင်ထားသည်ထက် ပိုမိုဆောင်ရွက်နိုင်သည်ကို တွေ့ရပြီး တွေ့ဆုံခြင်းနည်းလမ်းအား အလေးထားဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်လာနိုင်စေရေးအတွက် နှစ်ဖက်ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများရလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
ယင်းနောက် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က NCA ၏ အဆင့်အတန်းနှင့် တရားဝင်မှု၊ ညှိနှိုင်းရေးကော်မတီအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက NCA ကို အခြေခံသော အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့် ချမှတ်ဆောင်ရွက်နိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးအစီအစဉ် ဖော်ဆောင်နိုင်ရေး၊ သက်ဆိုင်သူများအားလုံး ပိုမိုပါဝင်လာနိုင်စေရေး၊ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး၊ ကြားကာလအစီအစဉ် ချမှတ်နိုင်ရေး၊ ထိရောက်သည့် ဆွေးနွေးပွဲများ ဖြစ်လာစေရန် ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း ဆောင်ရွက်ရေး၊ ပူးတွဲလေ့လာရေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ဒေသခံပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအညီများရရှိနိုင်ရေးနှင့် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်မည့် အစည်းအဝေးကျင်းပရာနေရာ ရွေးချယ်ဆောင်ရွက်နိုင်ရေးတို့အား အကြံပြုဆွေးနွေးကြကာ တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင် ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဖော်ဆောင်မှုဆိုင်ရာ အမြင်သဘောထားများကို ဆွေးနွေးဖလှယ်နိုင်ခဲ့ကြောင်း သိရ သည်။















