မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန်ဆက်ဆံရေး၏ အရေးပါသောနေရာတွင် ထားရှိသည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။
ဇွန် ၁၆ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မြန်မာသမ္မတဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အိမ်နီးချင်း သံတမန်ဆက်ဆံရေး၏ အရေးပါသောနေရာတွင် ထားရှိကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ်က ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအား စုစည်းညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူများ ထောက်ခံအားပေးခြင်းရှိသော မှန်ကန်သည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရှာဖွေခြင်းအပေါ် ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် လုံခြုံရေး သေချာသည့်အခြေအနေတွင် အဓိကစီမံကိန်းများ တည်ဆောက်မှုကို တည်တည်ငြိမ်ငြိမ် မြှင့်တင်ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်မြင့်မားစေရေးကို ပံ့ပိုးဆောင်ရွက်ရန် ရှီက မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။
အလားတူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံက နှစ်နိုင်ငံအကြား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင်းဖျင်က ဆက်လက်ပြောကြားခဲ့သည်။















