တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအား လာမည့် ဩဂုတ် ၁၃ ရက်တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်က ဇူလိုင် ၂၁ ရက် သတင်း ထုတ်ပြန် ချက်အရ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၄၊ ၂၀၁၂ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၈ ၊ ၂၀၁၃ ခုနှစ် ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့အရ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၊ တောင်ကြီးမြို့၌ ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက် (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်) ကြာသပတေးနေ့၊ နံနက် (၁၀) နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
" အခု လာမယ့် လွှတ်တော်မှာ အဆို သုံးလေးခု တော့ ရှိမယ် ထင်ပါတယ်။ ကျွန်တော်လည်း မေးခွန်း လေးငါးခု မေးမှာပါ၊ ၄ ခုက ကြယ်ပွင့်မပြ မေးသွားမှာပါ။ လူထု တင်ပြချက် တွေကတော့ ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာလမ်း နဲ့ လျှပ်စစ်မီး ကိစ္စရပ်တွေ ကို တင်ပြကြတာ များပါတယ်။ " ဟု ရပ်စောက် မြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့် က ပြောကြားသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအား ပြီးခဲ့သည့် မတ်လ ၂၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ (၇) ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအား ဇွန်လ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကာ ယင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်(၁၇)ဦးက ကြယ်ပွင့်ပြမေးခွန်း(၇၀)ခုကို လွှတ်တော်က တစ်ဆင့် မေးမြန်းခဲ့ကာ၊ လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦးက ပေးပို့ထားတဲ့ ကြယ်ပွင့်မပြမေးခွန်း(၁၆၉)ခုကို လွှတ်တော်က တစ်ဆင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျင်းပပြီးခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင်ဖွဲ့စည်းခဲ့သော ကော်မတီများမှာ (၁) ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ၊ (၂) တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ ၊ (၃) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ နှင့် (၄) ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေး ကော်မတီ (၅) ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံများ စိစစ်ရေး ကော်မတီ (၆) စည်ပင်သာယာရေး၊ ဆောက်လုပ်ရေး နှင့် ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာ ကော်မတီ (၇) စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ၊ (၈) တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့် တိုင်ကြားစာများ စိစစ်ရေးကော်မတီ ၊ (၉)
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဆိုင်ရာ ကော်မတီ ၊ (၁၀) သစ်တော၊ သတ္တု၊ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နှင့် လျှပ်စစ်ရေးရာ ကော်မတီ တို့ ဖြစ်သည်။















