■ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင် ဂျက်စတင်ဘီဘာ ပါဝင်မည်

■ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင် ဂျက်စတင်ဘီဘာ ပါဝင်မည်
Published 10 July 2026

လာမည့်ဇူလိုင် ၁၉ ရက်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် Super Bowl ပုံစံမျိုးဖြင့် ထည့်သွင်းပြုလုပ်မည့် ဖျော်ဖြေရေးအစီအစဉ်၌ မက်ဒေါနား၊ ရှာကီရာ၊ BTS တို့နှင့်အတူ ဂျက်စတင်ဘီဘာလည်း ပါဝင်သွားမည်ဖြစ်ကြောင်း ဖီဖာက ဇူလိုင် ၈ ရက်တွင် တရားဝင်ကြေညာခဲ့သည်။

အဆိုပါဖျော်ဖြေပွဲတွင် Afrobeats စတား ဘာနာဘွိုင်း ၊ ဗင်နီဇွဲလားဂီတမှူး ဂူစတာဗို ဒူဒါမယ်နှင့် နယူးယောက်မှ မူလတန်းကျောင်းသားလေးများဖြင့် ဖွဲ့စည်းထားသည့် PS22 Chorus အဖွဲ့တို့ကလည်း ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး Coldplay အဖွဲ့လည်း ဖျော်ဖြေသွားမည်။

ထိုဖျော်ဖြေပွဲမှ ကလေးငယ်များ ပညာရေးနှင့် ဘောလုံးအားကစားကို ထိတွေ့နိုင်စေရန်အတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ရန်ပုံငွေရှာဖွေပေးမည့် ဖီဖာ၏ ကမ္ဘာလုံးဆိုင်ရာ ပညာရေးရန်ပုံငွေအစီအစဉ်သို့ ထောက်ပံ့သွားမည်ဖြစ်သည်။

"ဖီဖာကမ္ဘာ့ဖလားဟာ ကမ္ဘာကြီးကို တစ်ခြားဘာနဲ့မှ မယှဉ်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ စုစည်းပေးနိုင်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ ပါဝင်ခွင့်ရတာကို ဝမ်းသာရသလို၊ ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေ ပညာရေးအခွင့်အလမ်း ပိုမိုရရှိအောင် အထောက်အကူပြုနိုင်မှာဖြစ်လို့ ပိုပြီးတော့တောင် ဂုဏ်ယူမိတယ်" ဟု ဘီဘာက မှတ်ချက်ပေးထားသည်။

Super Bowl ပွဲများသည် ပွဲဝက်ဖျော်ဖြေရေးအစီအစဉ်များဖြင့် နာမည်ကြီးသော်လည်း ဘောလုံးလောကတွင်မူ ယင်းသို့ဖျော်ဖြေမှုများက မတွင်ကျယ်သေးပေ။ အများအားဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကဲ့သို့ ပွဲများတွင် ပွဲမစတင်မီ ဖျော်ဖြေမှုများသာ ရှိတတ်သည်။

Most Read

Most Recent