ဇူလိုင်လ ပထမ(၁၀)ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ် နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဇူလိုင်လ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ် နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။
မိုးရွာသွန်းမှုအနေဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့်မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
မိုးရွာရက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ဇူလိုင်လ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အနေဖြင့်လည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ် နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ကြောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။
မိုးရွာသွန်းမှုအခြေအနေဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
မိုးရွာရက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၇ ရက်မှ ၂၅ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၉ ရက်မှ ၁၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။















