■ နိုင်ငံတော်၏ စာမျက်နှာသစ်ကို စတင်နေပြီဖြစ်ပြီး ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်လျှောက်လှမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ် ခဲ့သည့် သမိုင်းကြောင်းကို မှန်မှန်ကန်ကန်သိရှိရန်လိုဟု နိုင်ငံတော်သမ္မတပြောကြား
တရုတ်နိုနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ ယနေ့(ဇွန် ၁၆ ရက်) ဒေသစံတော်ချိန် ည ၆ နာရီကျော်တွင် တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးက ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) နှင့် စစ်သံရုံးဝန်ထမ်းများက တာဝန်ထမ်းဆောင်မှုများနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူခဲ့ရပြီးနောက်ပိုင်း တရုတ်နိုင်နိုင်ငံသို့ နိုင်ငံတော် အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit)အဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်ပြီး သံရုံး၊ စစ်သံရုံးများမှ ဝန်ထမ်းများ၊ မိသားစုများနှင့် ပညာတော်သင် သင်တန်း သားများအား လိုအပ်သည်များ မှာကြားနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော်နှင့် မဟာဗျူဟာမိတ်ဖက်နိုင်ငံ များဖြစ်ကြကြောင်း၊ ယနေ့တွင် တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့်နှစ်နိုင်ငံနှင့် ပြည်သူများအကြား အကျိုးဖြစ်ထွန်းစေနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့ အစိုးရသစ်၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကိုလည်း တရုတ်နိုင်ငံမှ အပြည့်အဝအသိအမှတ်ပြုထောက်ခံလျက်ရှိပြီး ဆွေးနွေးချက်များအရ ယခုခရီးစဉ်သည် အောင်မြင်ပြီး နှစ်နိုင်ငံအကျိုးကို ဖော်ဆောင်ပေးနိုင်သည့် အပြု သဘောဆောင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်၏ စာမျက်နှာသစ်ကို စတင်နေပြီဖြစ်ပြီး ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်လျှောက်လှမ်းနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ် ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းနောက်ခံအခြေအနေများကိုလည်း မှန်မှန်ကန်ကန် သိရှိကြရန်နှင့် မိမိတို့၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လို ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းတည်ငြိမ် အေးချမ်းမှုရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ရေခံ မြေခံကောင်းများနှင့် အခြေခံကောင်းများကို အကျိုးရှိရှိ အသုံးချပြီး အမှန်တကယ် အလုပ်လုပ်ကြမည်ဆိုပါက မိမိတို့နိုင်ငံအနေဖြင့် မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်ရေး အတွက် နိုင်ငံတော်၏ ပညာရေးကဏ္ဍကို မဖြစ်မနေအားပေးမြှင့်တင်ရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် အလေးထားအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အချင်း ရှိသည့် သင်ကြားရေးဝန်ထမ်းများနှင့် ကလေးငယ်များ ပေါ်ထွက်လာရေး ဘက်ပေါင်း စုံမှ အားပေးမြှင့်တင်လျက်ရှိကြောင်း၊ အသိပညာ၊ အတတ်ပညာများပြည့်ဝပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကသာလျင် အနာဂတ် နိုင်ငံတော်ကောင်းကို ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုများအနေဖြင့် နိုင်ငံရပ်ခြားတွင် မိမိတို့ နိုင်ငံတော်၏ တာဝန်များကို အတူတကွလာရောက် ထမ်းဆောင်နေကြခြင်းဖြစ် သည့်အတွက် တစ်ဦးနှင့်တစ်ဦးဖေးမကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့်နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်း ရရှိစေရေး သံတမန် ဆက်ဆံရေးမှတဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ ပေါင်းသင်းဆက်ဆံမှု ကောင်းခြင်း သည် လုပ်ငန်းတာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း နိုင်ငံတော်မှအရင်းအနှီးများစွာဖြင့် ပညာတော်သင် စေလွှတ်ခြင်းဖြစ်သဖြင့် အချိန်နှင့် အရင်းအနှီးများကို အကျိုးရှိရှိ အသုံးချနိုင်ရန် လို ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ယင်းအပြင် နိုင်ငံတော်သမ္မတက မိမိတို့ ဘဝတိုးတက်ရေးအတွက်လည်း လေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေလိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပြီး ဉာဏ်ရည်တု Al နည်းပညာသည်လည်း ဖွံ့ဖြိုးတိုးတက် လျက်ရှိကြောင်း၊ သို့ဖြစ်၍ တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာရပ်များကိုလည်း လေ့လာ သွားကြရန်လိုပြီး မိမိတို့ ဘဝတိုးတက်ရေးအတွက် နေ့စဉ်လူမှုဘဝတွင် အကျိုးရှိအောင် အသုံးချသွားကြရန်လိုကြောင်း၊ မိမိတို့ရောက်ရှိနေသည့် ပတ်ဝန်းကျင်ကောင်း ကို အကျိုးရှိရှိ အသုံးချသွားနိုင်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်သင့်သည် များကို ဆောင်ရွက်ခြင်း၊ မဖြစ်သင့်သည်များကို မလုပ်ဆောင်ခြင်းတို့ဖြင့် စေတနာထား၍ မိမိတို့တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး တို့မှ ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသား၊ သင်တန်းသူများအတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့် ငွေများကိုပေးအပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကာ နိုင်ငံတော်သမ္မတသည် သံရုံး၊ စစ်သံရုံး မိသားစုများအား ရင်းရင်းနှီး နှီးနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကာ သရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့သည်။















