■ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေ 

■ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေ 
Published 25 April 2026

နှလုံး၊ ဦးနှောက်နှင့် အာရုံကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေကြောင်း သိရသည်။

ဧပြီ ၂၄ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ၊ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ မုခ်ဦးအဝင်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်း၊ မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) က ဆက်လက်ဆောင်ရွက်မည့် မြို့ပြ/ ရေသန့်/ လျှပ်စစ်လုပ်ငန်းအစီအစဉ်များ၊ JICA အဖွဲ့အစည်းနှင့် တည်ဆောက်ရေးလုပ်ငန်းပစ္စည်းများ လွှဲပြောင်းလက်ခံဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းတင်ပြရာ အဆောက်အအုံဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆေးရုံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဓာတ်ရောင်ခြည်လုံခြုံမှု အပါအဝင် အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန်၊ လက်ရာသေသပ်ကောင်းမွန်စေရန် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ပေးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နှလုံး၊ ဦးနှောက်နှင့် အာရုံကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ဆေးရုံသစ်ကြီးဖြစ်လာမည်ဖြစ်၍ အချိန်မီပြီးစီးအောင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမုခ်ဦးနှင့် မုခ်ဦးအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရေမြောင်း/ပလက်ဖောင်းပြုလုပ်ခြင်း၊ ရေထုတ်မြောင်း၊ လမ်းဆေးအမှတ်အသားများ ရေးဆွဲခြင်းနှင့် စိန်ရတုခန်းမ အဝင်/အထွက် လမ်းဝဲ/ယာ မြေယာရှုခင်းဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မုခ်ဦးအဝင် သံပန်းတံခါးနှင့် ဝင်ပေါက်ဝဲ/ ယာတွင်လည်း မြေယာရှုခင်းလုပ်ငန်းများ ဆောင်ရွက်ထားရန်၊ လမ်းများခင်းရာတွင်လည်း သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent