ဝိဇ္ဇာအောင်အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး(ဆေးမှုန့်/ဆေးထုပ်)သည် ထုတ်လုပ်ခွင့် လိုင်စင် ခွင့်ပြုထားမှုမရှိသော တိုင်းရင်းဆေးဝါးဖြစ်သဖြင့် သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဝိဇ္ဇာအောင်အမှတ်တံဆိပ် လေးဖက်နာ နှင့် အကိုက်အခဲပျောက်ဆေး(ဆေးမှုန်/ဆေးထုပ်)သည် အခြားဆေး၏ တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်-TMR နံပါတ်အား ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင် ခွင့်ပြုထားမှုမရှိသော တိုင်းရင်းဆေးဝါးဖြစ်သဖြင့် ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း သိရသည်။
အများပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် နှိုးဆော်အပ်ကြောင်း သိရသည်။
တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။















