မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ တတိယအကြိမ် မြစ်ကြီးနားမြို့သို့ ဇွန် ၁၃ ရက်ထပ်မံရောက်ရှိကြောင်း သိရသည်
တပ်မတော်အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး - နန့်စီးအောင်- မိုးညှင်း-မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းအား မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ရွာများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မန္တလေးမြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများအား ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင်လည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇွန် ၁၃ ရက်တွင်လည်း အဆိုပါ လမ်းကြောင်းတစ်လျောက်ရှိ မြို့၊ ရွာများ၌ အစိုးရအုပ်ချုပ်ရေး ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ်ဒေသများ၌ ပြန်လည် အခြေချနေထိုင်စဉ် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရေး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသော လိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံး စာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များအား တတိယအကြိမ်အဖြစ် ပို့ဆောင်ပေးခဲ့ရာ မန္တလေးမြို့မှ ဇွန် ၁၁ ရက်တွင် စတင်ထွက်ခွာပြီး ဇွန် ၁၃ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါမော်တော်ယာဉ်များပေါ်တွင်ပါရှိလာသည့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များအား ခရိုင်ပညာရေးမှူးရုံးသို့လည်းကောင်း၊ အခြေခံစားကုန်များအား ပြည်နယ်မိုးလုံ လေလုံအားကစားခန်းမသို့လည်းကောင်း၊ ဓာတ်မြေဩဇာများအား စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံသို့လည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။















