လျှပ်စစ်မီတာ မသမာသောနည်းဖြင့် ဖွင့်၍ ပြုပြင်ကာ ဓာတ်အားခိုးယူသုံးစွဲသဖြင့် မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းရှင် တစ်ဦးကို အမှုဖွင့် အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိစဉ် မသင်္ကာဖွယ်တွေ့ရှိရသည့် မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃) ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုစက်ရုံကို ဝင်ရောက်စစ်ဆေးရာ မီတာအား မသမာသောနည်းဖြင့် ဖွင့်၍ ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါမသမာမှုဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားယူနစ် ငါးသန်းခြောက်သောင်းရှစ်ထောင်ရှစ်ရာအတွက် ကျပ်သန်း ၄၅၀၀ ကျော် ဆုံးရှုံးနစ်နာစေခဲ့သဖြင့် လျှပ်စစ်မီတာအား ချက်ချင်းပိတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိရေးနှင့် လျှပ်စစ်ဓာတ်အားကို မသမာသော နည်းဖြင့် ရယူသုံးစွဲထားသည့်လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရန် အတွက် မှော်ဘီမြို့မရဲစခန်း၌ ဇွန် ၁၁ ရက်တွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့ သွားရောက်စစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျစွာသတင်း ပေးတိုင်ကြားလာမှုများအပေါ် စစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ် အားလေလွင့်ပျောက်ဆုံးမှုများ သိသာစွာလျော့နည်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ပိုမို၍ပူးပေါင်းဆောင်ရွက်ပေးကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။















