ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မေ ၄ ရက် နေ့လည် ၁၁ နာရီခွဲခန့်က မန္တလေးဘက်မှ နေပြည်တော်ဘက်(အပြန်လမ်း)သို့ မောင်းနှင်လာသော ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် အမြန်လမ်းမကြီး ၃၄၃ မိုင်အနီးတွင် ယာဉ်၏ နောက်ဘီးပေါက်သဖြင့် ယာဉ်နောက်လိုက်မှ ကားအောက်ဝင်ရောက်ကာ စပါယ်ယာဘီးလဲလှယ်နေစဉ် မျက်နှာပေါ်သို့ပိမိပြီးသေဆုံး မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၄ ရက် နေ့လည် ၁၁ နာရီခွဲခန်က မန္တလေး-ရန်ကုန်အမြန်လမ်းမကြီးအတိုင်း မန္တလေးဘက်မှ နေပြည်တော်ဘက်(အပြန်လမ်း)သို့ ယာဉ်မောင်းအပါ
ခရီးသည် ကျား(၁၄)ဦး၊ မ (၁၄)ဦး ပေါင်း(၂၈)ဦးလိုက်ပါမောင်းနှင်လာသော ယာဉ်အမှတ် YGN-6/ 1P------- Scania (မြတ်မန္တလေးထွန်း) ခရီးသည်တင်မှန်လုံယာဉ် တစ်စီးမှာ လမ်းမကြီးမိုင်တိုင်အမှတ် ၃၄၃ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြားသို့အရောက် မော်တော်ယာဉ်၏ နောက်ယာဘက်ဘီးပေါက်သွားခဲ့ပြီး နောက်ဘီးပေါက်သဖြင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ ကားအောက်သို့ဝင်၍စပါယ်ယာဘီး လဲလှယ်ရာတွင် လေအိတ်ပေါက်၍ ကားနှင့် ကျောက်လမ်းကြားတွင် ညပ်နေခဲ့ကြောင်း သိရသည်။
ထိုသို့ ညှပ်နေကြောင်း သတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ စကားအင်းအမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ ကားလေအိတ်ပေါက်ကာ မျက်နှာပေါ်သို့ပိမိသောကြောင့် ပေါက်ပြဲ ချိုင့်ဝင်ဒဏ်ရာ(သတိမရ/စိုးရိမ်ရဒဏ်ရာများ) ရရှိခဲ့သဖြင့် ရွှေမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ပြင်ပလူနာဌာနသို့အရောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်စဉ် စက်ချို့ယွင်းသွားသောယာဉ်များအားလုံးအနေဖြင့် အမြန်လမ်းပေါ်တွင်လုံးဝ(လုံးဝ)ရပ်တန့်ပြုပြင်ခြင်းမပြုရဘဲလမ်းဘေးမြေသားပေါ်သို့မဖြစ်မနေရွှေ့ပြောင်းရန်နှင့် ယာဉ်ကိုတတ်ကျွမ်းနားလည်သည့် လေ့ကျင့်ထားသူ/ ဝပ်ရှော့ဆရာများဖြင့်သာပြုပြင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)















