ပင်တဂွန်က တရုတ်ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခဲ့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်က အမေရိကန်ကုမ္ပဏီများကို ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုများပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် ကာကွယ်ရေးနှင့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် အမေရိကန် ကုမ္ပဏီ ၁၀ ခုအပေါ် ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုလုပ်ဆောင်ချက်သည် နှစ်နိုင်ငံကြား တင်းမာနေသည့် ဆက်ဆံရေးကို တည်ငြိမ်အောင်လုပ်ဆောင်သည့်အနေဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် တရုတ်သမ္မတ ရှီကျင်းပင်နှင့် တရုတ်တွင် တွေ့ဆုံခဲ့ပြီး တစ်လအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
နှစ်နိုင်ငံစလုံးသည် အခွန်စည်းကြပ်မှုများကို လျှော့ချရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသော်လည်း နည်းပညာနှင့် ကာကွယ်ရေးကဏ္ဍတို့တွင် အပြန်အလှန် ပိတ်ဆို့ဟန့်တားမှုများ ပြုလုပ်ခဲ့ကြသဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ယခုလအတွင်း အမေရိကန်သည် တရုတ်ကုမ္ပဏီများနှင့် ၎င်းတို့၏ လက်အောက်ခံကုမ္ပဏီပေါင်း ၈၀ ခန့်ကို တရုတ်စစ်တပ်အား ကူညီပံ့ပိုးပေးနေသည်ဟုဆိုကာ အမည်ပျက်စာရင်းသွင်းခဲ့သည်။
အဆိုပါစာရင်းတွင် နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Alibaba နှင့် Baidu တို့အပြင် လျှပ်စစ်ကား (EV) ကုမ္ပဏီကြီးဖြစ်သော BYD တို့ပါ ထည့်သွင်းခြင်းခံခဲ့ရပြီး ယင်းလုပ်ရပ်ကို တုံ့ပြန်သွားမည်ဟု တရုတ်အစိုးရက ခြိမ်းခြောက်ခဲ့သည်။
တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုအသစ်များသည် တရုတ်ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခဲ့သည့် အမေရိကန်အစိုးရ၏ အလွန်ဆိုးရွားသောလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယခုလုပ်ဆောင်ချက်သည် အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက်လည်းဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီ ၁၀ ခုတွင် အမေရိကန်စစ်တပ်နှင့် လေကြောင်းကာကွယ်ရေးဆိုင်ရာ စာချုပ်များ ချုပ်ဆိုထားသည့် Aveox ကုမ္ပဏီနှင့် စစ်ဘက်သုံး မော်တော်ယာဉ်အုပ်စုများကို ထုတ်လုပ်သည့် Oshkosh Defense ကုမ္ပဏီတို့ ပါဝင်သည်။
ထို့ပြင် အမေရိကန်နိုင်ငံ၏ ရှားပါးမြေသတ္တု ထုတ်လုပ်ရေးလုပ်ငန်းများဖြစ်သည့် MP Materials နှင့် USA Rare Earth ကုမ္ပဏီတို့ကိုလည်း စာရင်းထဲတွင် ထည့်သွင်းဖော်ပြထားသည်။
ပို့ကုန်ထိန်းချုပ်မှု စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများထံ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများပေးပို့ခြင်းကို တားမြစ်ထားကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး လက်ရှိ ဆောင်ရွက်ဆဲဖြစ်သည့် သက်ဆိုင်ရာ ပို့ကုန်လုပ်ငန်းစဉ်မှန်သမျှကိုလည်း ချက်ချင်းရပ်ဆိုင်းရမည်ဟု ဖြည့်စွက်ဖော်ပြခဲ့သည်။
ယခုပိတ်ဆို့မှုသည် မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်ဒေသမှမဆို၊ တရုတ်နိုင်ငံထုတ် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို စာရင်းတွင်ပါဝင်သည့် ကုမ္ပဏီများထံ လွှဲပြောင်းပေးခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်း ပြုလုပ်မည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ်တွင်လည်း အကျုံးဝင်သက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။















